DVB Logo
Home
Lead Story
စစ်အာဏာရှင်စနစ်ပျက်ပြို - ဒိုမီနို ဆက်တိုက် ဆင့်ကဲဖြစ်စဉ်များ
DVB
·
November 12, 2023
စစ်အာဏာရှင်စနစ်ပျက်ပြို - ဒိုမီနို ဆက်တိုက် ဆင့်ကဲဖြစ်စဉ်များ
Donate to DVB

အင်္ဂလိပ်လို Domino Effect ဆိုတဲ့ ဆက်တိုက်ဆင့်ကဲဖြစ်ပွားခြင်း ဖြစ်စဥ်ကို ချိတ်ဆက်တုံ့ပြန်ခြင်း (Chain Reaction) လို့လည်း ခေါ်ဆိုကြပါတယ်။ အဓိပ္ပာယ်ကတော့ ဖြစ်ပျက်မှုတခုဟာ ဆက်နွှယ်နေတဲ့ အကြောင်းအရာတွေ အစဉ်အတန်းအတွဲများစွာ လိုက်ပါဖြစ်ပျက်စေလိုက်တဲ့၊ တစတစ တိုးပွားလာစေတဲ့ ဒိုမီနို သက်ရောက်မှု အကျိုးတရားကို ဆိုလိုတာဖြစ်ပါတယ်။

ဒိုမီနို ဆက်တိုက်ဆင့်ကဲဖြစ်စဉ်ကို သက်သေပြတဲ့ဥပမာကတော့ အရွယ်အစား အလေးချိန် မတူညီတဲ့ ဒိုမီနို ဒိုးဆက်ပြားလေးတွေ အစဉ်အတန်း အတွဲလိုက်ထောင်ထားပြီး ရှေ့ဆုံးက အသေးငယ်ဆုံး အပေါ့ပါးဆုံး ဒိုးဆက်ပြားလေးကို လှဲချလိုက်တာနဲ့ အနီးကပ်ထောင်ထားတဲ့ ပထမအပြားက ဒုတိယ ဒိုးဆက်ပြားလေးကို အလိုလျောက် တွန်းလှဲလိုက်ပြန်ပါတယ်။အဲ့ဒီကနေ ဒုတိယပြားက တတိယပြား နောက်ထပ် အစဉ်အတိုင်းထောင်ထားတဲ့ နောက်ဆုံးက အလေးဆုံး ဒိုးဆက်ပြားအထိ ရှိသမျှအပြားအားလုံးဟာ လဲကျသွားကြပါတယ်။ သက်သေပြချင်တာက တဂရမ်အလေးချိန်ရှိတဲ့ အပြားတခု လဲကျသွားခြင်းဟာ အလေးချိန် တန်ပေါင်း သိန်းသန်းချီလေးပြီး အီဖယ်တာဝါလို အမြင့်ရှိတဲ့ အပြားကြီးတွေလည်း လဲပြိုကျသွားနိုင်တယ် ဆိုတာကို သက်သေပြတာ ဖြစ်ပါတယ်။

အလွန်သေးငယ်တဲ့ အပြောင်းလဲတခုရဲ့ အကျိုးသက်ရောက်မှုက အစပြုပြီး နောက်ထပ် အကြောင်းတရားတခုကို ဖြစ်စေရာက ပိုကြီးမားလာတဲ့ အကျိုးဆက်နဲ့ အကြောင်းတရားတွေ ထပ်မံ ဆင့်ကဲဆင့်ကဲဖြစ်လာတဲ့ ဖြစ်စဉ်မျိုးတွေဟာ လူ့လောက အပါအဝင် လောက ၃ ပါးထဲမှာ အစဉ်အမြဲဖြစ်နေတဲ့ နိယာမတရပ် ဖြစ်ပါတယ်။

ကဲ အခု မြန်မာနိုင်ငံကို နှစ်ပေါင်း ၆၀ ကျော် ဗိုလ်ကျစိုးမိုးလာခဲ့တဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီး အသူရာနဲ့ သကြားမင်းကြီး ဆင်းလာပြီး တားရင်တောင် မရနိုင်တော့အောင် တအိအိ ပျက်ပြိုကျလာတဲ့ ဒိုမီနို ဆက်တိုက်ဆင့်ကဲဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ကြရအောင်။

စစ်အာဏာရှင်စနစ်ကို ပျက်ပြို‌စေမယ့် ပထမဆုံးလဲကျခဲ့တဲ့ ဒိုးဆက်ပြားကတော့ အသိဉာဏ် နိမ့်ကျသ‌လောက် လောဘ မောဟ ထူပြောတဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ စစ်အခွင့်ထူးခံတစုရဲ့ မအောင်မြင်တဲ့ ၂၀၂၁ ခုနှစ် အာဏာလုပွဲဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအာဏာလုပွဲမှာ စစ်အာဏာရှင်တွေရဲ့ ပစ်မိန့်နဲ့ ထွက်လာတဲ့ ကျည်ဆန်တ‌တောင့်ဟာ ဆန္ဒပြလူအုပ်ထဲက အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကို ဖောက်ဝင်သွားတဲ့အချိန်မှာ ပထမဒိုးဆက်ပြား လဲကျသွားတာကြောင့် စစ်တပ်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု ထောက်ခံမှုဆိုတဲ့ ဒုတိယ ဒိုးဆက်ပြားဟာလည်း ပြိုကျခဲ့ရပါတယ်။

အဲ့ဒီအခါမှာ တနိုင်ငံလုံးက ပြည်သူတွေ လမ်းပေါ်တက်လာခဲ့ကြပါတယ်။ လက်နက်အားကိုး အာဏာရှင်လက်ပါးစေတပ်ဟာ လက်နက်မဲ့ပြည်သူကို သေရဲတဲ့အကောင် ထွက်ခဲ့လို့ စိမ်ခေါ်ပြီး ပစ်ခတ်သတ်ဖြတ်၊ တရားမဲ့စွာ ဖမ်းဆီးထောင်ချခဲ့တဲ့ အခါမှာတော့ တရားဥပဒေ စိုးမိုးခြင်း၊ မှန်ကန်စွာ တရားစီရင်ရေးဆိုတဲ့ တတိယဒိုးဆက်ပြားဟာ လဲပြိုကျခဲ့ရပြန်ပါတယ်။

စစ်ဓားပြတွေဟာ အပြစ်မဲ့ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လာခဲ့တာမို့ ပြည်သူလူထုနဲ့အတူ ဂျန်ဇီမျိုးဆက်သစ်မှာ တခြားရွေးချယ်စရာလမ်း မရှိတော့ဘဲ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ဒူးလေး၊ တူမီးခါးချိုးနဲ့ စတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ကူပြောင်းကြရင်း စစ်မှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF), ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (LDF) စတာတွေ ပေါ်ပေါက်လာခဲ့တာမို့ နိုင်ငံရဲ့ ဧရိယာအများစုမှာ လက်နက်ပြ ခြိမ်းခြောက်အုပ်ချုပ်ခြင်း၊ စစ်အုပ်ချုပ်ရေးဆိုတဲ့ စတုတ္ထဒိုးဆက်ပြား လဲပြိုကျခဲ့ရပြန်ပါတယ်။

နွေဦးတော်လှန်ရေး အားကောင်းလာတာနဲ့အမျှ ပြည်သူလူထုအများစုရဲ့ ပူးပေါင်းပါဝင်မှု၊ နိုင်ငံတကာရဲ့ ပူးပေါင်းကူညီမှုတွေ၊ အကြမ်းဖက်စစ်တပ်ထုတ်ကုန် အားမပေးရေး လှုပ်ရှားမှု၊ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုတွေကြောင့် စစ်တပ်ကို အဓိကငွေရှာပေးနေတဲ့ MOGE အရေးယူပိတ်ဆို့ခံရတာ၊ နိုင်ငံရပ်ခြားက စစ်အစိုးရဘဏ်အကောင့်တွေ ပိတ်သိမ်းခံရတာ စတာတွေကြောင့် ဓားပြတပ် ဘဏ္ဍာရေး ပဉ္စမမြောက်ဒိုးဆက်ပြား လဲပြိုကျခဲ့ပြန်ပါတယ်။

အခု နောက်ဆုံးလဲပြိုကျခဲ့တဲ့ ဆဋ္ဌမမြောက် ဒိုးဆက်ပြားကတော့ စစ်အာဏာရှင် နယ်မြေလက်လွှတ် ဆုံးရှုံးရမှုဆိုတဲ့ ပိုမိုကြီးမားတဲ့ ဒိုးဆက်ပြားကြီး ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ဓားပြတပ်ဟာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ၊ ကြူကုတ်-ပန်ဆိုင်း၊ မုံးကိုး၊ နမ့်ခမ်း၊ မန်တုံ စတဲ့မြို့နယ်တွေ လက်လွှတ်ခဲ့ရသလို စစ်စခန်းပေါင်း ၁၃၀ ကျော် သိမ်းယူခံခဲ့ရပါတယ်။

အဲ့ဒါအပြင် နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး (MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့အတူ ဒေသတွင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းကာ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ မြို့နယ်တွေ၊ စစ်ကောင်စီ စခန်းတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ကောလင်းမြို့၊ တမူးခရိုင်က ခါမ်းပါတ်မြို့၊ ပင်လယ်ဘူးမြို့တွေကို စစ်ဓားပြတပ် လက်လွှတ်ဆုံးရှုံးခဲ့ပြန်ပါတယ်။

ကရင်ပြည်နယ်အတွင်းမှာလည်း ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်ပြည်နယ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီစခန်းများကို နိုဝင်ဘာ ၄ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှာလည်း ကယားပြည်နယ် မယ်စဲ့မြို့နယ် ပန်းတိန်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်အဖွဲ့ကို ကရင်နီအမျိုးသားများတပ်မတော် (KNDF) နဲ့ ပူးပေါင်းတပ်ဖွဲ့ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကရင်နီပြည်နယ်တွင်း “၁၁၀၇ စစ်ဆင်ရေး” စတင်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီ နိုင်ငံတော်သမ္မကြီး ဒူးဝါးလရှီးလက “စစ်ရေးထိုးစစ်တွေနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေဟာ ဒိုမီနိုသဘောတရားလို ဆင့်ကာဆင့်ကာနဲ့ ထပ်တိုးလာလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီအောင်ပွဲတွေကို ကျနော်တို့ ဝမ်းမြောက်စွာ ကြိုဆိုသလို လေးနက်စွာ အားစိုက် ထပ်တိုးလုပ်ဆောင်ကြရမယ်လို့ အထူးပြောကြားချင်ပါတယ်” လို့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄/၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် စစ်အာဏာရှင်စနစ် အလုံးစုံပျက်ပြို ချုပ်ငြိမ်းစေမယ့် - ဒိုမီနို ဆက်တိုက်ဆင့်ကဲဖြစ်စဉ်များဟာ စစ်အခွင့်ထူးခံတစုရဲ့ မအောင်မြင်တဲ့ ၂၀၂၁ ခုနှစ် အာဏာလုပွဲက စတင်ခဲ့ရာမှာ လက်ရှိအချိန်မှာတော့ ဒိုးဆက်ပြား ၆ ပြားအထိ လဲပြိုခဲ့ရပြီး နယ်မြေလက်လွှတ်ဆုံးရှုံးရမှုဆိုတဲ့ ဆဋ္ဌမမြောက် ဒိုးဆက်ပြား လဲပြိုပြီးတဲ့နောက် အလွန်ကြီးမားတဲ့ ပွဲသိမ်းလဲပြိုမှုကြီးတွေ ဆက်တိုက်ဖြစ်ပေါ်လာရင်း စစ်အာဏာရှင်စနစ်ဆိုးဟာ မြန်မာမြေက ကွယ်ပျောက်ချုပ်ငြိမ်းသွားမှာ ဧကန်မုချ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013