တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့အတွင်းရှိ ခရိုနီလုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီကို ကူညီထောက်ပံ့နေတာ ရပ်တန့်ဖို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
မြိတ်ခရိုနီလုပ်ငန်းရှင်တွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ကုန်းလမ်း၊ ရေလမ်းနဲ့ သယ်ယူပို့ဆောင်ရာမှာ ကူညီနေတာတွေကို ရပ်တန့်ဖို့နဲ့ ပြည်သူတွေနဲ့အတူ ပူးပေါင်းဖို့အတွက် သတိပေး ထုတ်ပြန်တာလို့ ပကဖ(မြိတ်) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလရောင်က ပြောပါတယ်။
“စစ်ကောင်စီဘက်က မြိတ်ခရိုနီလုပ်ငန်းရှင်များရဲ့ အကူအညီနဲ့ ပုလော၊ ကျွန်းစုဘက်ကို လက်နက်ခဲယမ်းနဲ့ ရိက္ခာကို ပို့ဆောင်နေတာတွေ ရှိတယ်။ အဲဒီလို စစ်ကောင်စီကို ကူညီနေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ မှတ်တမ်းဓာတ်ပုံတွေလည်း ရှိတယ်။”
မြိတ်ခရိုနီလုပ်ငန်းရှင်တွေအနေနဲ့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အပေါ်မှာ ထောက်ပံ့မှု တစုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်ထဲမှာလည်း ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ စစ်ကောင်စီက မြိတ်မြို့ရှိ ခရိုနီလုပ်ငန်းရှင် ၆ ဦးကို လုံနယ်ဝန်ကြီးထံ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။