DVB Logo
Home
မြန်မာသတင်း
ဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်
DVB
·
November 8, 2023
ဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က နိုဝင်ဘာလအတွက် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်း (Reasonable Market price) ကို သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

အသင်းချုပ်ရဲ့ သတ်မှတ်ဈေးတွေကတော့ ဧည့်မထအုပ်စုဝင် ဆန်အမျိုးအစားတွေအတွက် ၁၀၈ ပေါင် ၂၄ ပြည်တအိတ်ကို ကျပ် ၅၈,၀၀၀ ကနေ ၆၄,၀၀၀ ကျပ်၊ ဧရာမင်း၊ ဧရာပဒေသာနဲ့ အထူးဧည့်မထအုပ်စုဝင် ဆန်တွေအတွက် ကျပ် ၆၅,၀၀၀ ကနေ ၈၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ဆန်အမျိုးအစားတွေအတွက် ၇၅,၀၀၀ ကနေ ၈၀,၀၀၀ ကျပ် အသီးသီး သတ်မှတ်ပေးထားပါတယ်။

ရွှေဘို‌ပေါ်ဆန်းအတွက် သတ်မှတ်ဈေးကိုတော့ စပါးပေါ်ချိန် ဒီဇင်ဘာလမှ စတင်ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

အသင်းချုပ်အနေနဲ့ အဆိုပါ သတ်မှတ်ဈေးနှုန်းတွေနဲ့ အရောင်းအဝယ်တွေ ဆောင်ရွက်ကြဖို့ MRF ရဲ့ အသင်းဝင် ကုမ္ပဏီတွေ၊ ဆန်စက်ပိုင်ရှင်နဲ့ ဆန်ကုန်သည်တွေကို တိုက်တွန်း နှိုးဆော်ထားတာပါ။

ဒါပေမဲ့ အဲဒီဈေးနှုန်းတွေက ဈေးကွက်အတွင်း လက်လီလက်ကား ရောင်းချမှု‌တွေမှာ ဈေးနှုန်းအနေနဲ့ ၅ ရာခိုင်နှုန်း ကွာဟနိုင်ပြီး Super Market‌ ‌တွေနဲ့ Mini Mart တွေမှာ Packaging ထုပ်ပိုးရောင်းချမှုတွေအတွက် ဈေးနှုန်း ၁၂ ရာခိုင်နှုန်းအထိ ကွာဟနိုင်တယ်လို့ အသင်းချုပ်က ဆိုပါတယ်။

အသင်းချုပ်အနေနဲ့ အဆိုပါ ဆန်ဈေးနှုန်းတွေ သတ်မှတ်ရာမှာ စိုက်ပျိုးတောင်သူတွေအတွက် အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းဝန်းကျင်၊ ကြိတ်ခွဲထုတ်လုပ်တဲ့ ဆန်စက်လုပ်ငန်းတွေအတွက် အကျိုးအမြတ် ၄ ရာခိုင်နှုန်း၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသူတွေအတွက် တလ အကျိုးအမြတ် ၂ ရာခိုင်နှုန်း ထည့်သွင်းတွက်ချက်ပြီး သတ်မှတ်ပေးခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ အရင်နှစ်၊ အခုနှစ် ဆန်ဈေးနှုန်းတွေနဲ့ ပြည်တွင်းဈေးကွက်က တခြားကုန်ဈေးနှုန်းတွေနဲ့လည်း ချင့်ချိန်ဆက်စပ်ပြီး အဲဒီဈေးနှုန်းတွေကို တွက်ချက်ပေးထားတာဖြစ်ပြီး စားသုံးသူ ပြည်သူ‌တွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်ဖို့လည်း ထည့်သွင်း တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပေအနေနဲ့ အသင်းဝင်ကုမ္ပဏီတွေ၊ အသင်းဝင် ဆန်စက်ပိုင်‌ရှင်‌တွေနဲ့ ဆန်ကုန်သည်‌တွေအတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၂၃ မိုးစပါးပေါ်ချိန်မှာလည်း ရည်ညွှန်းစပါးဈေးနှုန်းတွေကို သတ်မှတ်ထုတ်ပြန်ပေးခဲ့ပါတယ်။

စိုက်ပျိုးကုန်ကျစရိတ် အဘက်ဘက်က မြင့်တက်နေချိန် ဆန်စပါးအသင်းချုပ်ရဲ့ အဆိုပါ ရည်ညွှန်းဈေး သတ်မှတ်ချက်တွေက မျှတမှုမရှိဘူးလို့ စိုက်ပျိုးတောင်သူတွေကြား ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

အခုအခါ အဆိုပါ စပါးဈေးနှုန်းတွေနဲ့ လိုက်လျောညီထွေရှိမယ့် ဆန်ဈေးနှုန်းတွေဖြစ်စေဖို့ သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်း (Reasonable Market price) ကို သတ်မှတ် ထုတ်ပြန်ပေးခြင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စပါးစိုက်ပျိုးရာမှာ အလုပ်သမားငှားရမ်းခ၊ ထွန်ယက်ခနဲ့ စိုက်ပျိုးစရိတ်တွေ အပါအဝင် သွင်းအားစုတွေအတွက် တောင်သူတွေ ပိုကုန်ကျမှုရှိခဲ့သလို တဖက်မှာလည်း ပြည်တွင်းဆန်စျေး ကြီးမြင့်နေတာကြောင့် ဆန်အစား ဆန်ကွဲပြောင်းစားလာရတဲ့ ပြည်သူတွေလည်း ရှိလာပါတယ်။

ဆန်စပါးကုန်သည်တဦးက “စားရတဲ့ပြည်သူကကျ တောက်လျှောက်ကြီး အတက်ချည်း ဖြစ်နေတာဆိုတော့ ဖြစ်သင့်တဲ့စျေးအပေါ် မူတည်ပြီး ကျတဲ့ဘက်က ပြန်ချတာ ဖြစ်သင့်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေနဲ့ နယ်မြေမအေးချမ်းမှုတွေက တိုင်းနဲ့ပြည်နယ်တချို့မှာ စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုကို လျော့ကျစေခဲ့သလို လျှပ်စစ်မီး ပုံမှန်မရရှိတာ၊ သယ်ယူပို့ဆောင်ခ နှုန်းထားတွေ မြင့်တက်လာတာ၊ ရေကြီးရေလျှံမှုတွေကြောင့် စပါးအထွက်နှုန်း ထိခိုက်တာ စတဲ့အချက်တွေက ပြည်တွင်းဆန်စျေး မြင့်တက်ဖို့ အကြောင်းအရင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဆန်စပါးလှောင်လက်တွေ၊ ဆန်စက်ပိုင်ရှင်တွေနဲ့ ဆန်ရောင်းချသူတွေရဲ့ အဘက်ဘက်က စျေးဆွဲတင်မှုတွေကြောင့်လည်း ပြည်တွင်းဆန်စျေးက ဖြစ်သင့်တာထက် ပိုမြင့်တက်နေတာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013