
ဂါဇာကို နျူးကလီးယားနဲ့တိုက်ခိုက်ဖို့ အစ္စရေးရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တဲ့ အစ္စရေးအစိုးရအဖွဲ့ စစ်ရေးဝန်ကြီးရဲ့ မှတ်ချက်ကို အမေရိကန်က နိုဝင်ဘာ ၆ ရက်မှာ ရှုတ်ချလိုက်ပါတယ်။
နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗေးဒန့်ပတေးလ်က“အမုန်းပွားစရာ စကားအပြောအဆိုတွေကို ရှောင်ကြဉ်ဖို့ ဒီပဋိပက္ခရဲ့ ဘက်အားလုံးအတွက် အရေးကြီးတယ်လို့ ကျနော်တို့ ဆက်ပြီးယုံကြည်နေပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မှတ်ချက်ပေးခဲ့သူ အစိုးရအဖွဲ့ဝင်ကို မေးခွန်းထုတ်ရင်း တနင်္ဂနွေနေ့မှာ အရေးယူခဲ့ပါတယ်။
“ဒီလိုမှတ်ချက်တွေကို အစ္စရေးဝန်ကြီးချုပ်နဲ့ အစိုးရက ငြင်းပယ်ခဲ့တာ ခင်ဗျားတို့မြင်မယ်လို့ ကျနော် သေချာပါတယ်။ ဒါဟာ လုံးဝ လက်မခံနိုင်စရာကိစ္စပါ။ တင်းမာမှုတွေကို ထပ်လှုံ့ဆော်မယ့် အမုန်းတရားပါတဲ့ ရန်လိုမှုတွေကို ရှောင်ကြဉ်ထိန်းသိမ်းဖို့ ပဋိပက္ခရဲ့ ဘက်အားလုံးအတွက် အရေးကြီးတယ်လို့ ကျနော်တို့ ဆက်ယုံကြည်ပါတယ်” လို့ ပတေးလ်က ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ပတေးလ်က “အခု အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ အနာဂတ်မှာ အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်မယ့် ဘေးကနေ တားနိုင်မှာမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဟားမတ်စ်တွေကို ပြန်စုဖွဲ့ဖို့ အချိန်အလုံအလောက် ပေးပါလိမ့်မယ်။ အဲဒါကို ကျနော်တို့ ခွင့်မပြုနိုင်ဘူး။ ဒီလိုအခြေအနေမျိုးကို ဘယ်နိုင်ငံမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” လို့လည်း ပြောခဲ့ပါတယ်။
Source/Photo-Reuters