DVB Logo
Home
အားကစား
မန်စီးတီးနှင့် လိုက်ပ်ဇစ်တို့ နောက်တဆင့်တက်၊ ဘာကာရှုံးပွဲတွေ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ
DVB
·
November 8, 2023
မန်စီးတီးနှင့် လိုက်ပ်ဇစ်တို့ နောက်တဆင့်တက်၊ ဘာကာရှုံးပွဲတွေ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ
1 / 15
Donate to DVB

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို နိုဝင်ဘာ ၇ ရက် ညက ယှဉ်ပြိုင်ရာ မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ အသီးသီးနိုင်ပွဲရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။

ချန်ပီယံလိဂ် အုပ်စုဂျီမှာ ပါဝင်နေတဲ့ မန်စီးတီးက အိမ်ကွင်းမှာ ယန်းဘွိုင်းစ်ကို ၃ ဂိုးပြတ်နဲ့နိုင်ပြီး ဟာလန်းက ၂ ဂိုး၊ ဖိုဒန်က ၁ ဂိုး သွင်းယူခဲ့ပါတယ်။ လိုက်ပ်ဇစ်ကလည်း ဆားဘီးယားကလပ် ဇဗက်ဒါကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။

ဒီအုပ်စုမှာ ၄ ပွဲယှဉ်ပြိုင်ခဲ့အပြီး မန်စီးတီးက ၄ ပွဲစလုံး အနိုင်ရပြီး ရမှတ် ၁၂ မှတ်နဲ့ အုပ်စု ပထမ၊ လိုက်ပ်ဇစ်က ၃ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၉ မှတ် ရရှိထားပြီး ဇဗက်ဒါနဲ့ ယန်းဘွိုင်းစ်တို့က ရမှတ် ၁ မှတ်စီပဲ ရနေတာကြောင့် လက်ကျန် ၂ ပွဲကစားဖို့ ကျန်နေသေးပေမဲ့ မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ အုပ်စုကနေ စောစောစီးစီးကျွတ်ပြီး နောက်တဆင့် တက်ရောက်နိုင်တာ ဖြစ်ပါတယ်။

မနေ့ညကပဲ ယှဉ်ပြိုင်ခဲ့တဲ့ တခြားပွဲစဉ်တွေမှာတော့ အုပ်စု အီး က အက်သလက်တီကို မက်ဒရစ်က အိမ်ကွင်းမှာ ဆဲလ်တစ်ကို ၆ ဂိုး ဂိုးမရှိ၊ လာဇီယိုက ဖီယင်နုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုမှာ ၄ ပွဲကစားပြီးချိန် အက်သလက်တီကို မက်ဒရစ်က ၈ မှတ်နဲ့ အုပ်စု ပထမ၊ လာဇီယိုက ၇ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဖီယင်နုက ၆ မှတ်နဲ့ အုပ်စု တတိယ၊ ဆဲလ်တစ်က ၁ မှတ်နဲ့ အုပ်စု နောက်ဆုံးမှာ ရပ်တည်နေပါတယ်။

အုပ်စု အက်ဖ် ပွဲစဉ်တွေမှာတော့ အေစီမီလန်က အိမ်ကွင်းမှာ နာမည်ကြီး ပီအက်စ်ဂျီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့သလို ဒေါ့မွန်ကလည်း နယူးကာဆယ်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီအုပ်စုမှာ အားလုံး ၄ ပွဲစီ ကစားပြီးချိန် ဒေါ့မွန်က ၇ မှတ်နဲ့ အုပ်စု ပထမ၊ ပီအက်စ်ဂျီက ၆ မှတ်နဲ့ ဒုတိယ၊ အေစီမီလန်က ၅ မှတ်နဲ့ တတိယ၊ နယူးကာဆယ်က ၄ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ နောက်တဆင့် တက်နိုင်ရေးအတွက် လက်ကျန် ၂ ပွဲကို အမှားအယွင်းမရှိ အနိုင်ယူနိုင်ဖို့ လိုအပ်နေပါတယ်။

အုပ်စု အိတ်ချ် ပွဲစဉ်တွေမှာတော့ နာမည်ကြီး ဘာစီလိုနာအသင်းက အဝေးကွင်းမှာ ရှက်တာဒိုးနက်ခ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပေါ်တိုက ရွိုင်ရယ်အန့်တ်ဝပ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ရရင် နောက်တဆင့် တက်ရောက်နိုင်မှာ ဖြစ်ပေမဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့အတွက် လက်ကျန်ပွဲစဉ်တွေကို ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီအုပ်စုမှာ ၄ ပွဲစီ ကစားပြီးနောက် ဘာစီလိုနာနဲ့ ပေါ်တိုက ရမှတ် ၉ မှတ်စီ တူညီနေပေမဲ့ ထိပ်တိုက်တွေ့မှုမှာ အသာစီးရထားတဲ့ ဘာစီလိုနာက အုပ်စု ပထမ၊ ပေါ်တိုက ဒုတိယနေရာမှာ ရှိနေသလို ရှက်တာဒိုးနက်ခ်က ၆ မှတ်နဲ့ တတိယ၊ ရွိုင်ရယ်အန့်တ်ဝပ်က အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ် အုပ်စု အေ၊ ဘီ၊ စီ၊ ဒီ ပွဲစဉ်တွေကို ဒီနေ့ည ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်နဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ ဆီဗီလာ၊ ပီအက်စ်ဗွီနဲ့ လန်းစ်၊ နာပိုလီနဲ့ ယူနီယံဘာလင်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဂါ၊ ဆိုစီဒက်နဲ့ ဘင်ဖီကာ၊ ဆောလ်ဇ်ဘာ့ဂ်နဲ့ အင်တာမီလန်တို့ တွေ့ဆုံနေပါတယ်။

နာမည်ကြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ အုပ်စုတွင်း တတိယနေရာမှာပဲ ရပ်တည်ထားနိုင်လို့ ဒီပွဲအနိုင်ရမှ နောက်တဆင့်တက်နိုင်ရေး မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013