DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်နှင့် ကသာတွင်  စစ်ကောင်စီလက်အောက်ခံ ရဲမိသားစုနှင့် ထွေအုပ်ဝန်ထမ်းများ ထွက်ပြေး တိမ်းရှောင်
DVB
·
November 7, 2023
ထီးချိုင့်နှင့် ကသာတွင်  စစ်ကောင်စီလက်အောက်ခံ ရဲမိသားစုနှင့် ထွေအုပ်ဝန်ထမ်းများ ထွက်ပြေး တိမ်းရှောင်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်  ထီးချိုင့်၊  ကသာစတဲ့ မြို့တွေမှာရှိတဲ့  စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ထွေအုပ် မိသားစုတွေနဲ့ Non CDM ဝန်ထမ်းတွေဟာ ရဲစခန်းနဲ့ စစ်တပ်ဝင်းတွေထဲမှာ သွားရောက် ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွက  နိုဝင်ဘာ ၆ ရက်နေ့မှာ  တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထီးချိုင့်မြို့နယ်ကို လာရောက်တိုက်ခိုက်မှာ ကြောက်ရွံ့တဲ့အတွက် စစ်တပ်နဲ့ ရဲစခန်းဝင်းတွေအတွင်း အပြေးအလွှား သွားရောက်တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

ဒေသခံအမျိုးသားတဦးက “ကောလင်းမှာ တော်လှန်ရေးအဖွဲ့တွေ စစ်တပ် စခန်းချတဲ့နေရာတွေကို ဝင်သိမ်းနေကတည်းက ထီးချိုင့်ဝန်ထမ်းတွေ ကြောက်လန့် နေရာရွှေ့နေကြတယ်။ ထွေအုပ်ရုံးဆိုရင် ရဲစခန်းထဲကို ပစ္စည်းတွေ အကုန်ရွှေ့ပြီးသွားပြီ။ ဝန်ထမ်းတွေလည်း စစ်တပ်ဝင်းထဲ သွားနေတဲ့သူနဲ့ တခြားရပ်ရွာတွေကို ရှောင်နေတဲ့သူတွေနဲ့ ဖြစ်နေတော့ အုပ်ချုပ်ရေးယန္တရား အတော်ပျက်နေပြီ။ ရုံးတွေ ဈေးတွေလည်း ပိတ်ထားကြပြီ။ မြို့ထဲလည်း လူသွားလူလာ သိပ်မရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး အပါအဝင် တခြားရုံးတွေလည်း နိုဝင်ဘာ ၆ ရက်က စတင်ကာ ပိတ်ထားပြီး Non CDM ဝန်ထမ်းတွေလည်း ရုံးတက်ရောက်မှု မရှိတော့ဘဲ ရဲစခန်း၊ စစ်တပ်ဝန်းတွေနဲ့ တခြားမြို့နယ်တွေကို နိုဝင်ဘာ ၄ ရက်က စတင်ပြီး ရွှေ့ပြောင်းနေထိုင်ကြတာပါ။

ထီးချိုင့်မြို့ဟာ ကောလင်းမြို့နဲ့ မိုင် ၄၀ သာ ကွာဝေးတာဖြစ်ပါတယ်။ ထီးချိုင့်မြို့နယ် မော်ကွန်းတောင်ရိုးတလျှောက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး စုပေါင်းတပ်ဖွဲ့တွေ နေ့စဉ် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေယာဉ်နဲ့ ပစ်ခတ်တာတွေ မကြာခန ပြုလုပ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် ပြည်သူလူထုတွေအနေနဲ့ လက်နက်ကိုင်စစ်စခန်းများအနီး မနေဖို့၊ စားနပ်ရိက္ခာ ဆေးဝါး လောင်စာဆီများ ကြိုတင် အရံသင့်ထားရှိဖို့၊ ဆက်သွယ်ရေးပစ္စည်းများ အသင့်ဆောင်ထားဖို့ ထီးချိုင့်တော်လှန်ရေးတပ်ဖွဲ့ Tigyaing Revolution TR က ထုတ်ပြန်ထားပါတယ်။

အလားတူ ကသာမြို့မှာလည်း  စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေဟာ ခမရ ၃၀၉ တပ်ရင်းထဲကို ပြောင်းရွှေ့ကြတာမို့ ကသာတမြို့လုံး နိုဝင်ဘာ ၆ ရက်မနက်က  ဝရုန်းသုန်းကား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကသာမြို့ခံတဦးက “ရဲကတော်တွေ သုံးဘီးလာငှားကြတာ။ အဲဒီကတဆင့် ကျောင်း၊ ကိုယ့်ကလေးကိုယ် တဝုန်းဝုန်းနဲ့ ကြိုသွားကြတယ်။ ဆိုင်တွေတော်တော်များများ ပိတ်သွားတယ်။ သက်ကြီးရွယ်အိုတွေကို ရွာတွေဘက် ပို့ပစ်ကြတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်က စတင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ ဖော်ဆောင်တဲ့ တိုက်ပွဲတွေရဲ့အဆုံး နိုဝင်ဘာ ၆ ရက် မနက် ၈ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း ပစ်ခဲ့ပေမဲ့ ကောလင်းမြို့ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရဲစခန်းကို ဒရုန်းနဲ့ ပစ်ခံရပြီး ထိခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် မိသားစုတွေကို ခမရ ၃၀၉ ကို ရွှေ့ပြောင်းဖို့ထိ ဖြစ်ခဲ့တာပါ။

စစ်ကောင်စီတပ်တွေဟာ ရဲစခန်း ဒရုန်းနဲ့ပစ်ခံရတဲ့​နောက် ညပိုင်းတွေမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်လေ့ရှိပါတယ်။

နိုဝင်ဘာ ၆ ရက် ကောလင်း မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ပြောင်းရွှေ့နေချိန်  နတ်ရေတွင်း အောင်ဘုံ ဧရာဝတီမြစ်ကြောတွေဘက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လက်နက်ငယ်သံတွေလည်း ကြားနေခဲ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။

ကသာ ပတ်ဝန်းကျင်အနီးအနား ရွာတွေကလည်း ကျောင်းသားတွေကို လာကြိုသွားကြသလို တမြို့လုံးက တက်သုတ်ရိုက် လှုပ်ရှားသွားလာနေကြတဲ့အတွက် ကျောင်းတွေကိုလည်း ပိတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သက်ကြီးရွယ်အိုတွေကို မီးရှို့ပစ်ခဲ့တဲ့ သတင်းတွေကြောင့် သက်ကြီးရွယ်အို မိဘတွေကို လုံခြုံတယ်လို့ထင်ရတဲ့ ရွာတွေကို ကုန်းကြောင်း ရေကြောင်းတွေကနေတဆင့် ပို့လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညနေ ၄ နာရီမှာ ဝင်တိုက်မယ်လို့ ကြားတဲ့သူက ကြား။ ဇေယျာချောင်ထဲ KIA တွေ ရောက်နေပြီဆိုတဲ့ သတင်းတွေ ကြားလိုကြားနဲ့။ မြို့ထဲကို ကလေးတွေ အထုပ်တွေနဲ့ သွားတဲ့သူကသွား၊ မြို့ထဲကနေ အထုပ်တွေ ကလေးတွေနဲ့ ထွက်တဲ့သူထွက်နဲ့ ဘယ်သူက ဘယ်ကို ဦးတည်နေမှန်းကို မသိတော့ဘူး” လို့ မနက် ၁၀ နာရီဝန်းကျင်ကနေ ညနေပိုင်းထိ အခြေအနေကို မျက်မြင်တွေ့သူတဦးက ဆိုပါတယ်။

“ရဲရော စစ်သားပါ တနေရာတည်း တပ်ကုန်းမှာ စုသွားတော့ ထိချင်တဲ့နေရာထိ ပစ်မှာပဲ စိုးရိမ်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် ညဦးပိုင်းတွေမှာ လူခြေတိတ်ပြီး အရင်ညတွေလို သွားလာသံတွေ ငြိမ်သက်နေပေမဲ့ ကသာမြို့ ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတာဖြစ်ပြီး ည ၈ နာရီကျော်မှာတော့ လက်နက်ကြီးသံတွေကို စတင်ကြားနေရပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013