DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သားများအတွက် အချိန်ပိုကြေးကို ကျပ်  ၄၈၀၀ နှင့် တွက်ပေးသည့်အပေါ်  ဝေဖန်
DVB
·
November 7, 2023
မြန်မာလုပ်သားများအတွက် အချိန်ပိုကြေးကို ကျပ်  ၄၈၀၀ နှင့် တွက်ပေးသည့်အပေါ်  ဝေဖန်
Donate to DVB

ပြည်တွင်းက အလုပ်သမားတွေအတွက် တရက်လုပ်အားခကို ကျပ် ၁၀၀၀  တိုးမြှင့်ခဲ့ပေမဲ့ အချိန်ပိုကြေးကို ကျပ် ၄၈၀၀ နဲ့ပဲ တွက်ပေးရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြောဆိုတာဟာ ရှေ့နောက် မညီဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ 

အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေ တရက် လုပ်အားခကို ၅၈၀၀ ကျပ် တိုးမြင့်ပေးလိုက်တာ မဟုတ်ဘဲ ၄၈၀၀ အပေါ်မှာ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀  ခံစားခွင့်ပြုတာကြောင့် အချိန်ပိုကြေးကို ကျပ် ၄၈၀၀ နဲ့ပဲ တွက်ချက်ရမယ်လို့ စစ်ကောင်စီ၊ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက တရားဝင် ပြောဆိုပါတယ်။

အောက်တိုဘာလ ၁ ရက်ကစလို့ အစိုးရဝန်ထမ်းတွေနဲ့ အောက်ခြေဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ခံစားခွင့်ပေးသလို အလုပ်သမားတွေအတွက် တရက်လုပ်ခ ကျပ် ၄၈၀၀ ကနေ ၅၈၀၀ နှုန်းထားအဖြစ် အနည်းဆုံး အခကြေးငွေကို ပြင်ဆင်လိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ပါတယ်။

အနိမ့်ဆုံး အခကြေးငွေကို ၅၈၀၀ နှုန်းနဲ့ သတ်မှတ်ပေးရင် အချိန်ပိုကြေးကလည်း ၅၈၀၀ နှုန်းထား အတိုင်းပဲ ဖြစ်သင့်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက မှတ်ချက် ပေးပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့  (STUM) တာဝန်ရှိသူက "အလုပ်သမား အဖွဲ့အစည်းတွေ၊ အလုပ်ရှင် အဖွဲ့အစည်းတွေနဲ့ ဒီအလုပ်သမားဝန်ကြီးဌာနနဲ့ ရှင်းရမှာ ဒီကိစ္စက။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးဌာနကလည်း မလိမ့်တပတ်လုပ်တာ။ ကျပ် ၅၈၀၀ ကို တိုးပေးတာ ၅၈၀၀ လို့ တန်းပြောတာ မဟုတ်ဘူး။ ၄၈၀၀ အပေါင်း ၁၀၀၀ ဆိုတော့ အဲဒီ ၁၀၀၀ က ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးဌာနက ကြေညာတာမှာ တရားတဖက်၊ ဓားတဖက်ပေါ့။ ရှင်းရှင်းလင်းလင်း မရေးထားဘူး။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ၅၈၀၀ က အနိမ့်ဆုံး လုပ်ခလစာလားဆိုတာ မကွဲဘူးပေါ့။ ၃၀၀၀၀ တိုးပေးလိုက်ရင် ပြီးသွားတာလားဆိုတာ မကွဲဘူး သူရေးထားတဲ့ ဆိုလိုရင်းက။ အဲ့အပေါ်မှာ ဝန်ကြီးကနေ လုပ်ငန်းရှင်တွေနဲ့ တွေ့သွားတယ်။ တွေ့သွားပြီးတဲ့အပေါ်မှာ လုပ်ငန်းရှင်တွေ မေးတဲ့မေးခွန်းပေါ်မှာ အဖြေတိတိကျကျ မရလိုက်ဘူးလို့ နားလည်တယ်။ ကျမတို့လည်း လုပ်ငန်းရှင်တွေကို မေးတဲ့အခါမှာ ဒါအနိမ့်ဆုံးလုပ်ခလစာလို့ တိတိကျကျကြီး ပြောသွားတာ မဟုတ်ဘူးလို့ ပြောတယ်။ ဥပဒေအရ ပြောရမယ်ဆိုရင် ဒါ အနိမ့်ဆုံးလုပ်ခလစာလို့ သတ်မှတ်လိုက်ရင် အိုတီကို ၅၈၀၀ နဲ့ပဲ သတ်မှတ်ရမှာ"လို့ ဒီဗွီဘီကို ပြောပါတယ်။

အနည်းဆုံး အခကြေးငွေကို ပြင်ဆင်တာဆိုရင် တရက်လုပ်ခ ၅၈၀၀ ကျပ်နဲ့သာ အချိန်ပိုကြေး တွက်ပေးရမှာဖြစ်ပေမဲ့ တကယ့် လုပ်ငန်းခွင်တွေမှာတော့ စက်ရုံအများစုက တရက်လုပ်ခ ၅၆၀၀ နဲ့သာ ပေးနေပြီး အချိန်ပိုကြေးကိုလည်း ၅၆၀၀ နဲ့ပဲ တွက်ပေးတာတွေ ရှိနေပါတယ်။

လက်ရှိ အချိန်ထိ တရက်လုပ်ခ ၅၈၀၀ ပမာဏနဲ့ ပေးတဲ့ စက်ရုံ မရှိသလောက် နည်းပြီး အပိုထောက်ပံ့ကြေး တထောင် ပိုပေးရတာကြောင့် စံချိန်တိုးပြီး လုပ်နေရတဲ့ စက်ရုံတွေလည်း ရှိလာတယ်လို့ ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူ ကိုသူရိန်အောင်က "၅၈၀၀ နဲ့ တွက်ပေးတယ်ဆိုတာ အခုထိတော့ တရုံမှ မတွေ့သေးဘူး။ အခု အဖြစ်များနေတာက ၁၀၀၀ တိုးပေးလိုက်ရတာပေါ့။ တိုးပေးလိုက်ရတာနဲ့ ကိုက်ညီအောင် စံချိန်တွေ၊ တချို့ စက်ရုံတွေမှာ တစ်ကတ်ကြေးလို့ ခေါ်တဲ့ စံချိန်နဲ့ ချုပ်တာ တခု ရှိတယ်။ စံချိန်ကို တိုးတာ လုပ်တာပေါ့။ ဒေးကြေးနဲ့ လုပ်တဲ့ရုံတွေဆို စံချိန်ပိုပြီး ယူတာပေါ့။ ဒါက ၃၆၀၀ မှာ တခါဖြစ်တယ်။ ၄၈၀၀ မှာ ဖြစ်တယ်။ ပိုပေးလိုက်တာကို ကာမိအောင် စံချိန်တိုးပြီးလုပ်တာတွေ ဖြစ်တာပေါ့။ စံချိန်တိုးလုပ်တာတွေ တစ်ကတ်ကြေးနဲ့ လုပ်တဲ့ စက်ရုံတွေမှာ သွားထိတာပေါ့။ လုံးပေါင်း ပိုက်ဆံမှာ ပိုရသွားတယ်လို့ အဓိပ္ပါယ် မထွက်တော့ဘူး။ အဲ့လိုမျိုးတွေတော့ လတ်တလောမှာ ဖြစ်နေတာပေါ့"လို့ ပြောပါတယ်။

ပြည်တွင်းက အလုပ်သမား တချို့ကတော့ တရက်လုပ်ခ ကျပ် ၅၆၀၀ နှုန်းထားနဲ့ လုပ်ကိုင်တာတွေရှိနေပြီး အိုတီကြေးလည်း ပုံမှန် မရှိတဲ့အတွက် တလကို  ကျပ် ၂ သိန်း ပတ်ချာလည်လောက်နဲ့သာ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

အလုပ်သမတဦးက "ကုန်ဈေးနှုန်းမြင့်မားတဲ့အပေါ် လစာထုတ်လာရင် ၂ သိန်းကျော်ပဲ ရတယ်။ ဒါတောင်မှ ၅၆၀၀ နဲ့ တွက်ပြီးတော့ ၂ သိန်းကျော်တဲ့အနေအထားမှာ အခက်အခဲလေးတွေ ရှိတာပေါ့။ တိုးပေးနိုင်လို့ရှိရင် တိုးပေးစေချင်တယ်။ တိုးပေးတဲ့အပေါ်မှာ မူတည်ပြီး အလုပ်သမားတွေအတွက်လည်း အဆင်ပြေတယ်။ လုပ်ငန်းရှင်ဘက်ကိုလည်း ထိခိုက်နစ်နာတာမျိုး မဖြစ်စေချင်ဘူး။ ၅၆၀၀ အနေအထားမှာ ကလေးတွေက လောက်ငှရုံပဲရှိတယ်။ ၇၀၀၀ ပေးနိုင်တယ်ဆိုလည်း ပေးစေချင်တယ်။ လောက်လောက်ငင ဖြစ်တာပေါ့။ ညီမတို့ကတော့ ပိုရလေ ပိုကောင်းလေပေါ့။ အိုတီကတော့ ပုံမှန် မရှိဘူး"လို့ ဒီဗွီဘီကို ပြောပါတယ်။

တရက်လုပ်အားခ ငွေကျပ် ၄၈၀၀ ကို ၂၀၁၈ ခုနှစ်က ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပြီး အနိမ့်ဆုံး လုပ်အားခကို အနည်းဆုံး ၂ နှစ် တကြိမ် ပြင်ဆင်ရမယ်လို့ ဥပဒေ ပြဋ္ဌာန်းထားပေမယ့် ၅ နှစ်ကျော်ကြာမှ ကျပ် ၁၀၀၀ ကျပ်နှုန်း တိုးမြင့်လာတာပါ။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အနည်းဆုံး အခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ခြင်းလို့ တရားဝင် စာထုတ်ပြန် ကြေညာခဲ့ပေမယ့် အမြဲတမ်းအတွင်းဝန်က အနည်းဆုံး အခကြေးငွေ နှုန်းထား ပြင်ဆင်တာ မဟုတ်ဘူးလို့ ပြောဆိုတာတွေဟာ ထုတ်ပြန်ချက်နဲ့ ရှေ့နောက် မညီဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013