
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၇၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၃၇၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၅၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈,၀၀၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၇၂၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက် စစ်အုပ်စုက အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပြည်သူတွေ နေထိုင်ရာ အရပ်ဒေသတွေ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အကြမ်းဖက်စစ်အုပ်စုအပေါ် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်အုပ်စုက သာလွန်အင်အား သုံးပြီးတော့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ဒေသတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အဆိုပါ စစ်ဆင်ရေးကာလအတွင်း စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါး ရှိလာခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအရေအတွက် အတိအကျနဲ့ သူတို့ရဲ့ အချက်အလက်တွေကို မှတ်တမ်းပြုစုနေပြီး သေဆုံးပြည်သူ ၇ ယောက်ရဲ့ အချက်အလက်တွေကိုသာ အေအေပီပီက အခုအချိန်အထိ အတည်ပြုထားနိုင်ဆဲဖြစ်တယ်လို့ ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။