DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရှမ်းမြောက်ဒေသခံ ၄၀ ကျော် သေဆုံး
DVB
·
November 6, 2023
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရှမ်းမြောက်ဒေသခံ ၄၀ ကျော် သေဆုံး
1 / 2
Donate to DVB

စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်လို့ “စစ်ဆင်ရေး ၁၀၂၇” ကာလအတွင်း အနည်းဆုံး အရပ်သား ၄၀ ကျော် သေဆုံးခဲ့ရပြီလို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

အခုစာရင်းဟာ ရှမ်းမြောက်တစ်ခုလုံးက ဒေသခံအရပ်သား ထိခိုက်မှုတွေ အားလုံးမဟုတ်သေးဘဲ TNLA လှုပ်ရှားနယ်မြေတွေအနားက ဖြစ်ရပ်တွေကို စုစည်းထားတာဖြစ်တယ်လို့ဆိုပါတယ်။

ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က “လက်နက်ကြီးတွေ၊ လေကြောင်းတွေက တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြည်သူက ၁၀၂ ဦးလောက်ရှိတယ်။ အသက်ဆုံးရှုံးရတဲ့သူက ၄၁ ဦးလောက်တော့ရှိတယ်”လို့ ပြောပါတယ်။

ဒီစာရင်းဟာ မိုးကုတ်၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နီ၊ မူဆယ်၊ နမ့်ဖက်ကာ၊ မိုးမိတ်၊ နမ္မတူ မြို့နယ်တွေနားမှာ ထိခိုက်ခဲ့တဲ့ အရပ်သားဦးရေဖြစ်ပြီး မန္တလေး-မူဆယ်လမ်းမကြီးနဲ့ နီးစပ်တဲ့ နေရာတွေက ပြည်သူတွေ အများဆုံးထိခိုက်ခဲ့တယ်လို့ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောပါတယ်။

စစ်ဆင်ရေး ၁၁ ရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းတွေကနေ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်လာတာကြောင့် ဒီလောက်အထိ သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိလာတာလို့လည်း ဆိုပါတယ်။

“အဓိကတော့ တိုက်ပွဲကြားမှာဖြစ်တာတော့ မရှိသလောက်ပါပဲ။ အနည်းအကျဉ်းပဲရှိတယ်” လို့ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ဆိုပါတယ်။

ဒါ့အပြင် အဲဒီမြို့နယ်တွေမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေဟာလည်း ၂၀,၀၀၀ ကျော်နေပြီလို့ အတည်ပြုပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ တအာင်းတပ်မတော် PSLF/TNLA နဲ့စစ်ကောင်စီတပ်တို့ ဂုတ်တွင်းနဲ့ ရွှေညောင်ပင် ဘက်တွေမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ အတည်ပြုပါတယ်။

ဒါ့အပြင် TNLA အနေနဲ့ နိုဝင်ဘာ ၅ ရက်အထိ စစ်စခန်း ၃၁ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ခမ်းမြို့တွင်းကို ထိန်းချုပ်ထားနိုင်ကာ မန်တုံမြို့ရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း သိရပါတယ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ (MNDAA + TNLA + AA) စုစုပေါင်းအနေနဲ့ကတော့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေအပါအဝင် တပ်စခန်းစုစုပေါင်း (၁၂၀) ကျော်အား သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013