DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးတာဝန်မယူဟု PDF က ပြောပြီးနောက် စစ်ကောင်စီက ရထား ၁ လ အခမဲ့စီးခွင့်ပေး
DVB
·
November 5, 2023
လုံခြုံရေးတာဝန်မယူဟု PDF က ပြောပြီးနောက် စစ်ကောင်စီက ရထား ၁ လ အခမဲ့စီးခွင့်ပေး
Donate to DVB

ရထားလမ်းကြောင်းကို လုံခြုံရေးတာဝန်မယူဘူးလို့ PDF တွေက ကြေညာပြီးနောက် မြစ်ကြီးနား-မိုးကောင်း ရထားခရီးစဉ်ကို ၁ လတိတိ အခမဲ့ စီးခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အစကတော့ ခရီးစဉ်ပြန်ဆွဲတဲ့အနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ အခမဲ့စီးခွင့်ပြုမယ်လို့ ကြေညာထားတာဖြစ်ပြီး PDF တွေက ထုတ်ပြန်ပြီးနောက်မှာ အခုလို ပြောလာတာပါ။

မိုးကောင်းဒေသခံတယောက်က “ပထမတုန်းက တပတ်ပဲပေါ့နော်။ မီးရထားကို အခမဲ့ စီးနင်းခွင့်ပြုမှာလို့ ကြေညာတယ်။ ရထား စပြေးဆွဲတဲ့နေ့ကတော့ လူတွေလာပြီး စီးကြတယ်။ နောက်ပိုင်း မိုးကောင်း PDF က လုံခြုံရေး တာဝန်မယူကြောင်း ကြေညာထားတာတွေ့ပြီး စီးတဲ့သူ သိပ်မရှိတော့ဘူး။ ရထားစီးတဲ့သူ နည်းတော့ ပြည်နယ်ဝန်ကြီးချုပ် တလ တိတိ အခမဲ့စီးနိုင်မှာ ဖြစ်တယ်ဆိုပြီး ပြောတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာလုပ်တဲ့ စစ်ကောင်စီလက်အောက်ခံ ကချင်ဒီမိုကရေစီသစ် တပ်မတော် ကချင်းအထူးဒေသ ၁ အဖွဲ့ချုပ်  ထာဝရငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ  ဇခုန်တိန့်ယိမ်ကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်က ရထားဝန်ဆောင်မှု ကုန်ကျစရိတ်တွေကို သူက စိုက်ထုတ်အကုန်အကျခံပြီး အခမဲ့ စီးခွင့်ပြုမယ်လို့ ပြောခဲ့တာပါ။

မြစ်ကြီးနားမြို့ခံ နိုင်ငံရေးစိတ်ဝင်စားသူ အမျိုးသားတယောက်က “မြစ်ကြီးနားမြို့နယ်နဲ့ မိုးကောင်းမြို့နယ်တို့မှာ စစ်တပ်နဲ့ PDF တွေ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာ၊ မရမ်းဘူတာနဲ့ နမ္မတီးဘူတာကြားက စစ်ကောင်စီ စခန်း ခဏခဏ အပစ်ခံနေရတာ၊ မိုးကောင်း PDF ကလည်း ရထားစီးနင်းတဲ့ သူတွေရဲ့ လုံခြုံရေးကို တာဝန်မယူဘူးဆိုတော့ ရထားစီးသူကလည်း နည်းသွားတယ်။ အဲဒီအတွက် ဝန်ကြီးက တလ အခမဲ့ စီးနိုင်မှာဖြစ်တယ်လို့ ပြောတာဖြစ်နိုင်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။      

မြစ်ကြီးနား -မန္တလေး ရထားလမ်းပိုင်းမှာ ရထားသံလမ်း တံတားအတော်များများ ပျက်စီးနေပြီး မြစ်ကြီးနားကနေ မိုးကောင်းရထားလမ်းအပိုင်းပဲ ကောင်းတဲ့အတွက် မီးရထားခရီးစဉ်ကို မနက် ၇ နာရီမှာ မိုးကောင်းဘူတာကနေ မြစ်ကြီးနားကို စတင်ထွက်ခွာမှာဖြစ်ပြီး မြစ်ကြီးနားဘူတာကနေ မွန်းလွဲ ၂ နာရီမှာ မိုးကောင်းကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

မိုးကောင်း-မြစ်ကြီးနား ရထားလမ်းပိုင်းကို နိုဝင်ဘာ ၁ ရက်နေ့က စတင်ပြီး အခမဲ့ လိုက်ပါစီးနင်းခွင့်ပြုမယ်လို့  စစ်ကောင်စီက ဘယ်လိုပဲ မြှူဆွယ်ပါစေ မစီးကြဖို့နဲ့ လိုက်ပါစီးနင်းကြမယ့် ပြည်သူတွေရဲ့ လုံခြုံရေးကို မိုး​ကောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က လုံးဝ တာဝန်မယူဘူးလို့ Moegaung KPDF က အောက်တိုဘာ ၃၁ ရက်နေ့ က  ထုတ်ပြန်ထားပါတယ်။

Photo-ပြည်နယ် ပြန်ဆက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013