DVB Logo
Home
မြန်မာသတင်း
မြောင်တွင် ရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ မတ္တရာက ရွာ ၂ ရွာကို စစ်တပ်က မီးရှို့
DVB
·
November 4, 2023
မြောင်တွင် ရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ မတ္တရာက ရွာ ၂ ရွာကို စစ်တပ်က မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က စစ်ကောင်စီတပ်အထိုင်ချရာ ရဲစခန်းနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာ ၂ ရွာကို စစ်ကောင်စီက မီးရှို့နေပါတယ်။

နိုဝင်ဘာ ၃ ရက် ညနေပိုင်းကနေ ညပိုင်းအထိ မြောင်မြို့ပေါ်က စစ်ကောင်စီတပ် အထိုင်ချရာ ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး CDSOM အဖွဲ့တာဝန်ရှိသူ ကိုနွေဦးက “ပထမ ကျနော်တို့ မြောင်ရဲစခန်းကို အရင်တိုက်တာပေါ့။ သူတို့ ရဲစခန်းကျသွားတော့ ရဲစခန်းထဲက ရဲတွေက ထွေအုပ်ရုံးဘက်ကို ထွက်ပြေးသွားတယ်။ ထွေအုပ်ရုံးထဲမှာက စစ်သားတွေရှိတယ်။ အဲဒီဘက်ကို ကျနော်တို့အဖွဲ့ ထပ်တိုက်တယ်။ ရဲစခန်းကိုတော့ ကျနော်တို့ ယာယီသိမ်းထားနိုင်ခဲ့တယ်။ သူတို့ရဲ့ အမာခံဘန်ကာတွေလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ ကျနော်တို့ ထွေအုပ်ရုံး သိမ်းနိုင်တော့မဲ့ အချိန်ပိုင်းအလိုမှာ မြင်းမူမြို့ဘက်က စစ်ကား ၅ စီးနဲ့ စစ်ကူလာသလို မြောင်အနောက်ဘက် ဧရာဝတီတဖက်ကမ်းမှာရှိတဲ့ မန္တလေးတိုင်း၊ ဆီမီးခုံမြို့ဘက်ကနေ စစ်သင်္ဘောနဲ့ ဆန်တက်လာပြီး သင်္ဘောပေါ်ကနေ ပစ်ကူပြီး စစ်ကူလာပေးတယ်” လို့ ပြောပါတယ်။

အဲဒီလို စစ်ကူတွေ အလုံးအရင်းနဲ့လာတာကြောင့် တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာ ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ဒဏ်ရာပြင်းထန်တဲ့ ရဲဘော် ၂ ယောက် အပါအဝင် ရဲဘော် ၈ ယောက် ဒဏ်ရာ ရခဲ့တယ်လို့လည်း ကိုနွေဦးက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာမှာ ရန်သူစခန်းကို အချိန်ကြာကြာသိမ်းထားနိုင်ဖို့နဲ့ ရန်သူကို ကောင်းကောင်း ခုခံနိုင်ဖို့အတွက် ကျည်အင်အားလိုအပ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

မတ္တရာမြို့နယ်က ငယ်ဒိုးရွာနဲ့ သဖန်းဒေါင့်ရွာကို စစ်ကောင်စီတပ်က ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ မနက်ခင်းပိုင်းက ဝင်ရောက်ပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းဟာ မနက် ၄ နာရီလောက်မှာ ရွာကို ရောက်လာတာကြောင့် ရွာသားတွေ ပိတ်မိပြီး ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ကြောင်းက မြေပြင်ကရော၊ ရေကြောင်းကရော ကျနော်တို့ မတ္တရာမြို့နယ်ကို မွှေနေတာဗျ။ မြေပြင်စစ်ကြောင်းကတော့ အောက်တိုဘာ ၂၇ ရက်နေ့က စပြီး စစ်ကြောင်း စထိုးလာတယ်။ အဲဒီစစ်ကြောင်းက ဦးဒိန်ရွာကို စဝင်တယ်ဗျ။ ဦီးဒိန်ရွာကနေတဆင့် မြွေဆင်ကုန်းရွာ၊ စိန်ပန်းကုန်းရွာဖြတ်ပြီး နိုင်ဝင်ဘာ ၃ ရက်နေ့မှာ ပိုဝ၊ မင်းသာကုန်းရွာမှာ ညအိပ်တယ်ဗျ။ အဲရွာတွေကနေ နိုဝင်ဘာ ၄ ရက်နေ့ မနက်ခင်း ၄ နာရီလောက်ရောက်တော့ ငယ်ဒိုးရွာကိုဝင်ပြီး မနက်ခင်း ၉ နာရီကျတော့ ရွာကိုမီးရှို့တော့တာပါပဲ။ ရွာကလူတွေလည်း ဖမ်းမိတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းဟာ ရွာထဲမှာ ရှိနေသေးလို့ အခြေအနေတွေကို အသေးစိတ် မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။

ငယ်ဒိုးရွာကို မီးရှို့နေတဲ့အချိန်မှာ မန္တလေးမြို့ဆိပ်ကမ်းကနေ ဧရာဝတီမြစ်အတိုင်း သံခွံမော်တော်တစီးနဲ့ စစ်သားတွေဆန်တက်လာပြီး ငယ်ဒိုးရွာအနီးက သဖန်းဒေါင့်ရွာကို ထပ်ပြီး မီးရှို့နေတယ်လို့ မန္တလေးခရိုင်တပ်ရင်းအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

“တိုက်ပွဲလည်းမရှိဘူး။ သူတို့က သေနတ်ပြောင်းဝမှာ အာဏာတည်တယ်ထင်ပြီး ပြည်သူကို အကြောက်တရားဖြစ်အောင် တမင်တကာကို ရွာတွေကို မီးရှို့နေတာပါ။ နောက်ပြီး သူတို့အကျင့်က ရွာသားတွေကိုဖမ်းပြီး သတ်တယ်။ သတ်ပြီးတော့ သေတဲ့ အလောင်းဘေးကို သေနတ်ချပြီး PDF ပါဆိုတဲ့ သတင်းအမှားတွေလည်း အကြိမ်ကြိမ်လုပ်နေတာပါပဲ။ အခုလည်း ရွာသားတွေ ပိတ်မိနေတာလည်းရှိတယ်။ ဘာတွေဆက်ဖြစ်မလဲကတော့ သူတို့ထွက်သွားပြီး ရှင်းလင်းရေးဝင်မှပဲ သိရမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း စစ်သားတွေဟာ စဉ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာကို ဝင်ရောက်မီးရှို့ပြီးနောက် ဒေသခံရွာသား ၃ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပြီး အခုမီးရှို့နေတဲ့ သဖန်းဒေါင့်ရွာအနီးမှာ သတ်ဖြတ် ခဲ့ကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု စစ်ကောင်စီမီးရှို့နေတဲ့ ငယ်ဒိုးရွာနဲ့ သဖန်းဒေါင့်ရွာဟာ တရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး ဧရာဝတီမြစ်ကမ်းဘေးမှာ ကပ်လျက်ရှိတဲ့ရွာတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013