DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျခံ နိုင်ငံ့ခေါင်းဆောင်များ မိသားစု ထောင်ဝင်စာတွေ့ဆုံခွင့် မရသေး
DVB
·
November 3, 2023
အကျဉ်းကျခံ နိုင်ငံ့ခေါင်းဆောင်များ မိသားစု ထောင်ဝင်စာတွေ့ဆုံခွင့် မရသေး
Donate to DVB

နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အောက်တိုဘာ ၂၄ ရက်ကစပြီး ထောင်ဝင်စာ လူတွေ့ခွင့်ကို စစ်ကောင်စီက ပြန်လည်ခွင့်ပြုခဲ့ပေမဲ့ လက်ရှိအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေကို မိသားစုထောင်ဝင်စာ တွေ့ဆုံခွင့် မပေးသေးဘူးလို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မိသားစုတွေက တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတုန်းဖြစ်ပြီး တွေ့ဆုံခွင့်ပေးမယ်၊ မပေးဘူး ဆိုတာကို အကျဉ်းဦးစီးဘက်က တိတိကျကျ တုံ့ပြန်တာမျိုးလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

နေပြည်တော်ထောင်နဲ့ နီးစပ်သူတဦးက “ရှေ့နေတွေတော့ မရသေးဘူး။ ကျနော်သိတာတော့ အန်ကယ်ထိန်တို့တော့ မရသေးဘူး။ အန်ကယ်ထိန့် ညီမတွေကတော့ အန်ကယ်ထိန်တို့အထက် နိုင်ငံတော်အဆင့်တွေကတော့ မပေးသေးဘူး။ ကျန်တဲ့အဆင့်တွေပဲ ပေးသေးတယ်လို့ သိရတယ်။ မရသေးဘူးတဲ့။ ကျနော် မေးကြည့်ပြီးပြီ။ ပေးမတွေ့သေးဘူးတဲ့။ ကျနော်သိတာတော့ နိုင်ငံတော်အဆင့်တွေတော့ ပေးမတွေ့သေးဘူးလို့ပဲ သိတယ်”လို့ပြောပါတယ်။

ကိုဗစ် စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ်ကတည်းက ထောင်ဝင်စာလူတွေ့ခွင့်ကို အကျဉ်းဦးစီးက ကန့်သတ်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း စစ်အာဏာသိမ်းပြီးချိန်မှာ စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးနဲ့ ကန့်သတ်ချက်ကို ဆက်ထားခဲ့တာဖြစ်ပါတယ်။

အကျဉ်းထောင်တချို့မှာ သေဒဏ်နဲ့ တသက်တကျွန်းကျ အကျဉ်းသားတချို့ မိသားစုနဲ့ တွေ့ခွင့်ရပေမဲ့ အချိန်မရွေး တွေ့ဆုံခွင့် ပြန်ပိတ်နိုင်တယ်လို့ အကျဉ်းဦးစီးဘက်က ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုရှင်းသန့်က “သေဒဏ်ကျ အကျဉ်းသားတွေနဲ့ တသက်တကျွန်းကျ အကျဉ်းသားတွေကို တွေ့ခွင့်ပေးတယ်လို့တော့ သိရတယ်။ ဒါပေမဲ့ အပြင်အခြေအနေပေါ် မူတည်ပြီးတော့ ပြန်ပိတ်နိုင်တယ်လို့လည်း သိရှိရတယ်။ အဲ့ဒါကတော့ အင်းစိန်ထောင်တို့ တခြားထောင်တွေမှာ ကြားခဲ့ရတဲ့ သတင်းပေါ့လေ။ အပြင်ကလှုပ်ရှားတာပဲဖြစ်ဖြစ်၊ သူတို့စိတ်ထဲမှာ သဘောမတွေ့ရင် ပြန်ပြီးတော့ ပိတ်နိုင်တဲ့ အနေအထား ရှိတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ထိန်းသိမ်းခံ နိုင်ငံ့ခေါင်းဆောင်တွေဟာ ၂၀၂၂ ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံခွင့်မရတော့ဘဲ အချိန် ၁၀ လနီးပါး သတင်းအဆက်အသွယ် ပြတ်နေခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ မိသားစုဝင်တွေ အမှန်တကယ် တွေ့ဆုံခွင့် ရခဲ့ပေမဲ့ အကျဉ်းဦးစီးက ကန့်သတ်ချက် ၆ ချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်းမူရင်း၊ မှတ်ပုံတင်မူရင်း၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း ထောက်ခံစာ၊ ၂၄ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ဆိုင်ရာ နှာခေါင်းတို့ဖတ် ရလဒ်တွေကို ပြနိုင်မှ မိသားစုတွေက အကျဉ်းသားတွေကို တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013