ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလှပြင်ဆိုင် ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို နိုဝင်ဘာ ၂ ရက်က ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှ ရဲမှူးကြီး ဘိုဝွန်ပေါ့နဲ့ ဒုရဲမှူးကြီး ဆူချတ်ခ်ပန်ပူတို့ ဦးဆောင်ပြီး မှုခင်းနှိမ်နင်းရေး အရာရှိတွေနဲ့ လုံခြုံရေးအေဂျင်စီတွေ ပူးပေါင်းပြီး မဲဆောက်မြို့အတွင်းရှိ အဆောက်အအုံတွေကို နိုဝင်ဘာ ၂ ရက် မနက် ၁၁ နာရီလောက်မှာ လိုက်လံစစ်ဆေးခဲ့ပါတယ်။
အဲဒီလို စစ်ဆေးနေစဉ်အတွင်း တရားဝင် အလုပ်လုပ်ခွင့်ပါမစ် မရှိဘဲ အလှပြင်ဆိုင် ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ဦးကို မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်စစ်ဆေးနေပြီး တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်ကလည်း မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် ၁ တံတား၊ မဲဆောက်ဘက်ခြမ်းမှာ ဈေးရောင်းနေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ပါသေးတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာလမှာ ကြေညာခဲ့ပြီး တလကျော်အတွင်း မြန်မာနိုင်ငံသား အယောက် ၇၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
Photo-Tak Immigration