DVB Logo
Home
မြန်မာသတင်း
MOGE ကို အလုံးစုံပိတ်ဆို့အရေးယူရန် အရပ်ဘက်အဖွဲ့များ တိုက်တွန်း
DVB
·
November 2, 2023
MOGE ကို အလုံးစုံပိတ်ဆို့အရေးယူရန် အရပ်ဘက်အဖွဲ့များ တိုက်တွန်း
Donate to DVB

နိုင်ငံခြားဝင်ငွေအဓိက ရှာဖွေပေးနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ တစိတ်တပိုင်းကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာဟာ စစ်ကောင်စီကို အထိနာစေမှာဖြစ်ပေပေမဲ့  အလုံးစုံပိတ်ဆို့အရေးယူဖို့ လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့  စစ်ကောင်စီကို လက်နက်ဝယ်ယူ ကူညီထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေနဲ့  ခရိုနီလုပ်ငန်းရှင်တွေကို အမေရိကန်က ထပ်မံပြီး ပိတ်ဆို့အရေးယူတယ်လို့ အောက်တိုဘာလ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။

အခုလို ပိတ်ဆို့အရေးယူတာကို ကြိုဆိုပြီး ပိုမိုထိရောက်တဲ့ အလုံးစုံပိတ်ဆို့ဒဏ်ခတ်တာကို လုပ်ဖို့လိုတယ်လို့ MOGE ကိုပိတ်ဆို့အရေးယူဖို့ တိုက်တွန်း နိုးဆော်ခဲ့တဲ့ သွေးစွန်းငွေကန်ပိန်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“MOGE ကို အခုလို ပိတ်ဆို့အရေးယူတာက fully sanction ခေါ်တဲ့ အပြည့်အဝပိတ်ဆို့ ဒဏ်ခတ်အရေးယူတာ တော့မဟုတ်သေးဘူးပေါ့နော်။ ဒီလို ကနဦးပိတ်ဆို့မှုတွေမှာဆိုရင် အဓိက စစ်တပ်ရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ကန့်သတ် လိုက်တာဖြစ်တယ်။ အမေရိကန် ငွေချေးမှုအားလုံကို ကန့်သတ်ထားပြီးတော့ တခြားဆက်စပ်တဲ့ ဝန်ဆောင်မှု အားလုံးကိုလည်း ပိတ်လိုက်တာဖြစ်ပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက စစ်ရေးအရလည်း အကျဘက်ကို ရောက်နေပြီး နောက်ပြီး လက်နက်ခဲယမ်းဖြည့်တင်းဖို့အတွက် အသည်းအသန်လိုအပ်နေတဲ့ စစ်အုပ်စုအတွက်ကတော့ အထိနာပြီး ဘုန်းဘုန်းလဲမှာ သေချာပြီ။ အဓိက ကတော့ လက်နက်တွေ လေယာဉ်ဆီတွေ  ဝယ်တဲ့အခါမျိုးမှာ ဒေါ်လာငွေလမ်းကြောင်းကို ပိုပြီးတော့ အတားအဆီး အခက်အခဲတွေ ပိုတွေ့လာမှာ ဖြစ်တယ်။ နောက်ထပ်ပိုသေချာတာ တခုကတော့ တော်လှန်ရေးအတွက်ရှေ့ကိုပိုရောက်စေတဲ့ ခြေလှမ်းတစ်လှမ်းထပ်တိုးလာတယ်လို့ ပြောချင်ပါတယ်။”

မြန်မာစစ်တပ်ကို လက်နက်တင်သွင်း ဖြန့်ဖြူးပေးနေသူတွေ၊ ငွေကြေးထောက်ပံ့နေတဲ့ ခရိုနီ ဦးတေဇရဲ့ သားတွေ အပါအဝင် ကုမ္ပဏီတွေ၊ စစ်ကောင်စီဝန်ကြီးတွေနဲ့ အရာရှိတွေကိုလည်း  ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့က ပူးပေါင်းပြီး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်လိုက်တဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ကြိဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ အာရုံစိုက်မှုက အားနည်းနေပြီး တခြားနိုင်ငံတွေရဲ့ အရေးကိစ္စတွေနဲ့ ယှဉ်ရင် အရေးယူဆောင်ရွက်မှုက နှေးကွေးနေတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောဆိုပါတယ်။

လက်ရှိပိတ်ဆို့ထားတာအပြင်ကို အလုံးစုံပိတ်ဆို့ဒဏ်ခတ်မှုမျိုးလိုအပ်တယ်လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဆိုင်ရာစောင့်ကြည့်သုတေသနပြုလုပ်နေတဲ့ Progressive voice  ဖွဲ့စည်းတည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“ဒီစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်သွားဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတွေဖြစ်တယ်ဆိုတော့ ကောင်းတယ်ပေါ့နော်။ ဒါပေမဲ့ ကျမတို့ ဒီလောက်နဲ့ မလုံလောက်တော့ဘူးပေါ့နော်။ အခုဟာက မနှစ်ကနဲ့ ဒီနှစ်နဲ့ ကြည့်ရင်ကို  ဒီစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေက ပိုဆိုးဝါးလာတယ်။ လူသားစာနာအကူအညီစိန်ခေါ်ချက် အခက်အခဲ humanitarian crisis ကလည်း ပိုကြီးလာတယ်။ ဒီနိုင်ငံတွေက လုပ်နေတာကို ကြိုဆိုတယ်။ ဒါပေမဲ့ အချိန် အရမ်းကြာလွန်းတယ်။ တခြားနိုင်ငံရဲ့ crisis တွေကို ကိုင်တွယ် ဖြေရှင်းတာနဲ့ကြည့်ရင် ကျမတို့ရဲ့ crisisကို သူတို့ရဲ့ တုံ့ပြန်မှုက အရမ်းအားနည်းနေတယ်။ အဲတာက မြန်မြန်ဆန်ဆန်ထိထိရောက်ရောက် ဖြစ်ဖို့အတွက် အရှိန်တိုးမြှင့်လုပ်ဆောင်ရမယ်လို့ မြင်ပါတယ်။ ဥပမာ MOGE ကို ဒီလောက်နဲ့ မရပ်လိုက်နဲ့၊ တစုံတရာ အရေးယူ ပိတ်ဆို့တာလောက်နဲ့ မလုပ်နဲ့ လုံးဝအပြည့်အရေးယူပိတ်ဆို့ပြီးတော့ စစ်အုပ်စုဆီကို ငွေကြေးစီးဆင်းနေတာတွေ ပေးနေတာတွေကို လုံးဝဖြတ်ပစ်မှ ရမယ်။”

ဗြိတိန်က ပိတ်ဆို့မှုအသစ် ချမှတ်လိုက်တဲ့အထဲမှာ ထူးကုမ္ပဏီအုပ်စုရဲ့ အကြီးအကဲ ဉီးထူးထက်တေဇ ပါဝင်နေတဲ့အတွက် သူ့ရဲ့ကုမ္ပဏီကို ဒီဗွီဘီက အီးမေးလ်ပို့ မေးမြန်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကတော့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တာဟာ မြန်မာပြည်သူတွေကို မမေ့သေးဘူးဆိုတာ ပြသလိုက်တာဖြစ်ပေမဲ့ နိုင်ငံတကာအနေနဲ့ ဒီထက်အများကြီး ပိုလုပ်ရဉီးမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပိတ်ဆို့အရေးယူမှု အသစ်တွေထဲမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဗြိတိန်နဲ့ ကနေဒါတို့ကတော့  အရေးယူတာ မရှိသေးဘူးလို့ တွမ်အမ်ဒရူးက ဆိုထားပါတယ်။

၂ နှစ်ကျော်ကာလအတွင်းမှာ စစ်တပ်က MOGE ကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ ရခဲ့ပြီး စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယမ် (‌ ဒေါ်လာ သိန်း ၁၈၀၀ ကျော်) အသုံးပြုခဲ့တယ်လို့ blood money campaign ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ စစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုအတွက် နိုင်ငံခြားငွေအသုံးပြုမှုကို ကန့်သတ်ဖို့ အမေရိကန်အနေနဲ့ အခုလိုပူးပေါင်းပြီး ပိတ်ဆို့အရေးယူတာလို့ ဖော်ပြထားပါတယ်။

MOGE နဲ့ ဆက်စပ်ပြီး ငွေကြေးချိတ်ဆက်ဆောင်ရွက်တာတွေကို အမိန့်ထုတ်ပြန်ချက် အနေနဲ့ ဟန့်တားတာ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၅ ရက်မှာ စတင်အသက်ဝင်မယ်လို့ သိရပါတယ်၊ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013