DVB Logo
Home
မြန်မာသတင်း
သံချပ်ကာ ၂ စီးပါ စစ်ကောင်စီယာဥ်တန်းကို MDY PDF က တိုက်ခိုက်
DVB
·
November 2, 2023
သံချပ်ကာ ၂ စီးပါ စစ်ကောင်စီယာဥ်တန်းကို MDY PDF က တိုက်ခိုက်
Donate to DVB

တောင်တမန် စစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး MDY-PDF က စစ်ကောင်စီရဲ့ သံချပ်ကာနဲ့စစ်ကားတွေပါဝင်တဲ့ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ပြီး သေနတ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက် ညနေ ၄ နာရီ ၂၇ မိနစ်မှာ ပြင်ဦးလွင်ကနေ နောင်ချိုဘက်ကို သံချပ်ကာ(တင့်) ၂ စီး၊ စစ်ကားအစီး ၃ဝ လောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅ဝ ခန့်ပါတဲ့ ယာဥ်တန်းတက်လာချိန် နောင်ချိုမြို့နယ် အုမ္မသီး၊ အုမ္မခါး လမ်းခွဲအနီးမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သံချပ်ကာယာဥ် ၁ စီးလည်း ပျက်စီးသွားခဲ့တယ်လို့ MDY-PDF ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

MDY-PDFပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က "တိုက်ပွဲကတော့ လက်ရှိအချိန်အထိ ဖြစ်နေဆဲ၊ ပြင်းထန်နေဆဲဖြစ်ပါတယ်ခင်ဗျ။ အဲ့တာကြောင့် သူတို့ဘက်က သေဆုံးတာတွေကို အတည်မပြုနိုင်သေးပါဘူး။ သံချပ်ကာကား ပျက်စီးသွားတာတော့ လုံးဝထိခိုက်ပျက်စီးပြီး သိမ်းဆည်းရမိတာမျိုးတော့ မဟုတ်ပါဘူး။ တိုက်ပွဲတွင်းမှာ ကျနော်တို့ ပစ်ခတ်ခဲ့တာကြောင့် မီးခိုးထွက်ပြီး ဆုတ်ခွာသွားတဲ့ အနေအထားပါဗျ" လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ရင်းဟာ တပ်မ ၁ဝ၁ လက်အောက်ခံ ခလရ ၂၅၂ (ပခုက္ကူအခြေစိုက်) တပ်ရင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိတဲ့ လက်နက်တွေကတော့ MA1 (၁) လက်၊ MA2 (၃) လက်၊ MA3 (၂)လက် နဲ့ ဆက်စပ်ခဲယမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကို ၁၄ ကြိမ်ထက်မက ကျူးလွန်ခဲ့ပြီး သတင်းရေးသားချိန် မြန်မာစံတော်ချိန် ည ၈ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ MDY-PDF က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ဘဲ နောင်ချိုမြို့အနီးကို မနက် ၁၁ နာရီလောက် ၁ ကြိမ်၊ နေ့လယ် ၂ နာရီလောက် ၁ ကြိမ် Jet Fighter နဲ့  ၂ ကြိမ် တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDF ဟာ အောက်တိုဘာ ၂၆ ရက်ကစပြီး “တောင်သမန် စစ်ဆင်ရေး” ကို ဆင်နွှဲနေတာပါ။

ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့အကြားမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၃၁ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013