
အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား အားလုံးကို ပြန်လွှတ်မယ်ဆိုရင် ဟားမတ်စ်တွေကလည်း ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အဆင်သင့်ပဲလို့ ပြောတဲ့အကြောင်း အိန္ဒိယအခြေစိုက် NDTV သတင်းဌာနမှာ ဖော်ပြပါတယ်။
အစ္စရေးက မြေပြင်ထိုးစစ်ကို တိုးချဲ့လိုက်ချိန်မှာ ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါက သူတို့အုပ်စုဟာ အစ္စရေးနဲ့ အကျဉ်းသားချင်း ချက်ချင်းလဲဖို့ အဆင်သင့်ပဲလို့ ပြောလိုက်တာပါ။
ပါလက်စတိုင်း ခုခံရေးတပ်က ထိန်းသိမ်းထားတဲ့ အကျဉ်းသားအားလုံးနဲ့ လဲဖို့ အစ္စရေးထောင်တွေထဲက ပါလက်စတိုင်းအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ အပါအဝင် အကျဉ်းသားဖလှယ်ရေး အပေးအယူကို ချက်ချင်းလုပ်ဖို့ အဆင်သင့်ပဲလို့လည်း ဆင်ဝါက ကြေညာချက်ထဲမှာ ပြောပါတယ်။
အစောပိုင်းက ဟားမတ်စ်တွေဟာ ရုရှားအစိုးရရဲ့ တောင်းဆိုချက်အရ ဟားမတ်စ်တွေက ဓားစာခံအဖြစ် ဖမ်းထားတဲ့ ရုရှား-အစ္စရေး နိုင်ငံသား ၂ မျိုး ခံယူထားတဲ့ လူ ၈ ယောက်ကို လွှတ်ပေးဖို့ သူတို့ ဘယ်ရောက်နေလဲ ဆိုတာသိဖို့ ကြိုးစားနေခဲ့တယ်လို့ ဟားမတ်စ်တွေက ပြောပါတယ်။
ဂါဇာမှာ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ ကြိုးစားရေး သံတမန်အားထုတ်မှုတွေ စခဲ့တဲ့ ရုရှားဟာ ဟားမတ်စ်တွေကို အကြမ်းဖက်အုပ်စုအဖြစ် မယူဆဘဲ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။
အစ္စရေးအမျိုးသားလုံခြုံရေးအကြံပေး ဇာဟီဟာနဂ်ဘီကတော့ ဂါဇာကမ်းမြောင်ဒေသမှာ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ သဘောတူညီချက် မရှိဘူးလို့ ပြောလိုက်ပါတယ်။
ယီမင်နိုင်ငံထဲက ဟူသီစစ်သွေးကြွအဖွဲ့က အစ္စရေးအပေါ် တိုက်ခိုက်တာတွေကို သည်းမခံနိုင်ဘူးလို့ ဟာနဂ်ဘီက ပြောပါတယ်။ အစ္စရေးက ဘယ်လိုတုံ့ပြန်မလဲလို့ မေးချိန်မှာတော့ အသေးစိတ်ကို ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ဆေးရုံတွေဟာ လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ခံစားနေရလို့ တခြားရွေးစရာအနေနဲ့ အီဂျစ်ဆေးရုံတွေက ဂါဇာက လူနာတွေကို ကုသပေးသင့်တယ်လို့ သူက ပြောပါတယ်။
ပါလက်စတိုင်း ဒုက္ခသည်တွေ စုပြုံရောက်လာမှာကို အီဂျစ်က စိုးရိမ်တာကို အစ္စရေးက နားလည်ပေးနိုင်တယ်လို့လည်း ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာမြောက်ပိုင်းက ဟားမတ်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အာရုံစိုက်ထားပေမဲ့ နောက်ပိုင်းအဆင့်မှာ နယ်မြေတောင်ပိုင်းဆီကို ပြောင်းပြီး အာရုံစိုက်မယ်လို့ ဆိုပါတယ်။
Photo-Reuters