
မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးအတွက် “လွှတ်၊ နိုင်ငံရေးအကျဥ်းသားအားလုံး ချွင်းချက်မရှိ လွှတ်” ကမ်ပိန်းကို အောက်တိုဘာ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ပြောပါတယ်။
စာရွက်ပေါ်မှာ စာရေးသားတောင်းဆိုတဲ့ ဒီလှုပ်ရှားမှုမှာ ပြည်တွင်းပြည်ပက အနုပညာရှင်တွေ၊ CDM တွေ၊ မိတ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဥ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားကြတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဥ်းသားများကွန်ရက်အဖွဲ့ဝင်တဦးက “တနှစ်ကို အနည်းဆုံး ၂ ကြိမ် လုပ်သွားမယ့် လှုပ်ရှားမှုပါ။ နောက်လကစပြီး အကျဥ်းထောင်မှာ လတ်တလော လိုအပ်နေတဲ့ လိုအပ်ချက်တွေကို တောင်းဆိုသွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အကျဥ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လွတ်မြောက်စေချင်တယ်လို့ သူတို့ရဲ့မိသားစုတွေက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားတဦးရဲ့ အစ်မဖြစ်သူက “ညီမမောင်ဆိုရင် ဘာမှတောင်မလုပ်ရဘဲနဲ့ ထောင် ၉ နှစ်တောင် ကျတယ်။ ထောင်ထဲမှာဆိုရင် ယားနာက ခဏခဏ ဖြစ်တယ်နေမှာ။ ထောင်ဝင်စာပို့တိုင်း ယားနာပျောက်လိမ်းဆေး၊ သောက်ဆေး ထည့်ပေးရတယ်။ သူ့ကိုလည်း လွတ်စေချင်တာပေါ့နော်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က အကျဥ်းသားတွေရဲ့ ထောင်ဝင်စာ ပေးပို့ရရေး၊ အကျဥ်းသားအခွင့်အရေး ပြန်လည်ရရှိရေးတို့အတွက် တဖက်တလှမ်းကနေ ကူညီပံ့ပိုးပေးနေတဲ့အဖွဲ့တခု ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဒီနေ့အချိန်အထိ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၀,၀၀၀ ဝန်းကျင်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။