ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းအချိန် ၂ နာရီနဲ့ ၃ နာရီဝန်းကျင်ကြားထဲမှာ ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ အနည်းဆုံး ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လိုင်ဇာမြို့ခံတစ်ဦးက "ခုလည်းပစ်နေတယ်။ လေယာဥ်နဲ့ လာပစ်တာ။ လေးစီးဟုတ်တယ်။ လိုင်ဇာမြို့ပေါ်ရပ်ကွက်ဘက်တော့ မရောက်ဘူး။ အလဲန့်ဘွမ်ဘက် အသံတွေ ကြားနေရတယ်။ လိုင်စင် ဘက်ရောပစ်တယ်" လို့ ပြောပါတယ်။
အလဲန့်ဘွမ်ဖက် အကြိမ်ရေပိုများကြောင်းနဲ့ သုံး လေးကြိမ်လောက် လေယာဉ်တွေနဲ့ လာရောက် တိုက်ခိုက်ခဲ့တဖြစ်ပြီး လူသူမရှိတဲ့ နေရာတွေကို ပစ်သွားတာမို့ ထိခိုက်မှုမရှိနိုင်ဘူးလို့လည်း ပြောပါတယ်။
ဒီမနက် ၈ နာရီလောက်မှာ ကေအိုင်အေက မြစ်ကြီးနား-လိုင်ဇာလမ်းပေါ် ကန်တော်ယန်ကျေးရွာက တပ်ရင်းမှူးအဆင့်စခန်းထိုင်တဲ့ ဗျူဝါတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာမို့ မွန်းလွဲ ၂ နာရီကျော်မှာ စစ်ကောင်စီဘက်က လိုင်ဇာရှိ ကေအိုင်အေဌာနချုပ်အနီးနေရာတွေကို လေယာဥ်နဲ့ လာရောက် ပစ်ခတ်သွားခဲ့တာပါ။
အောက်တိုဘာ ၉ ရက်ကလည်း လိုင်ဇာမြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းပေါ် ပြင်းအားကြီး လက်နက်နဲ့ လာရောက်ပစ်ခတ်သွားတာမို့ စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။