DVB Logo
Home
မြန်မာသတင်း
စစ်ဆင်ရေး ၁၀၂၇ က စစ်စခန်း ၆၀ ခန့်ကို သိမ်းပိုက်နိုင်ပြီဟု ထုတ်ပြန်
DVB
·
October 29, 2023
စစ်ဆင်ရေး ၁၀၂၇ က စစ်စခန်း ၆၀ ခန့်ကို သိမ်းပိုက်နိုင်ပြီဟု ထုတ်ပြန်
Donate to DVB

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၁၁ ခုကို ဒီနေ့ ထပ်သိမ်းနိုင်ခဲ့ပြီး အနည်းဆုံး စခန်း ၆၀ လောက်ကို သိမ်းပိုက်ထားနိုင်ပြီလို့ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင် ညီနောင်တပ်တို့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကနေ သိရပါတယ်။

စစ်ဆင်ရေးရဲ့ တတိယနေ့ အခြေအနေကို ထုတ်ပြန်လာရာမှာ နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်နဲ့ မုံးကိုးမြို့နယ်တို့မှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး မနက်ပိုင်းက နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း၊  သိန္နီရဲစခန်း၊ သိန္နီမြို့နယ် မာချီနော့ စစ်တပ်စခန်း၊ လားရှိုးမြို့၊ အရှေ့ဘက်ခြမ်းက စစ်စခန်း ၂ ခု၊ ချင်းရွှေဟော်ဒေသ ယာခုတ်ကိုက် စစ်တပ်စခန်း၊ မုံးကိုးခရိုင် နမ်ယမ် စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ပြီး မနေ့က သိန္နီမြို့နယ်က နမ့်စလပ် ရဲစခန်းကို သိမ်းပိုက်နိုင်တာကိုလည်း ဖြည့်စွက် ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဘက်က အလောင်းတွေ၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားနဲ့အတူ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနဲ့ အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးမှာပါဝင်နေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ကလည်း သူတို့ရဲ့ သတင်းတွေကို သီးခြားထုတ်ပြန်လာပြီး ဒီနေ့မှာ မနက် ၁၁ နာရီအချိန်အထိ ကိုးကန့်၊ မုံးကိုး၊ လားရှိုး၊ မူပန်၊ နမ့်ဆလပ်စတဲ့နေရာတွေက စစ်ကောင်စီ တပ်စခန်း ၁၁ ခုကို တိုက်ခိုက်သိမ်းပြီး စုစုပေါင်း တပ်စခန်း ၅၇ ကို သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။

စစ်သုံ့ပန်း ၁၀ ယောက်ကိုလည်း ဖမ်းဆီးမိထားပြီး စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ကိုးကန့်‌ဒေသကို လာရောက်ဗုံးကြဲပစ်ခတ်လို့ ချင်းရွှေဟော်ဒေသ၊ ညိုဖင်ကျီပရွာနဲ့ မာလီဖင်ရွာက အရပ်သားတွေရဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်တွေဟာ ဒီနေ့ မုံးကိုးခရိုင်၊ မန်ယန်ဒေသမှာ ကျန်နေသေးတဲ့ စစ်စခန်းနေရာတွေကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး အားလုံးကို သိမ်းနိုင်ပြီလို့ ဆိုပါတယ်။

ဒီမနက်မှာ မုံးကိုးခရိုင်၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်းရဲ့ မျက်နှာချင်းဆိုင် တောင်ကုန်းက စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းက စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်ပြီး ဒရုန်းကိုနှောင့်ယှက်တဲ့ စက်ပစ္စည်းတချို့နဲ့ စစ်ပစ္စည်းတချို့နဲ့အတူ စစ်သုံ့ပန်း ၄ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ မူပန်ရဲစခန်းနဲ့ မာချီနှောတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး မနေ့ကတော့ နမ့်ဆလပ်ရဲစခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုးကန့်‌၊ တုံရှမ်းဒေသ ရန်သက်ရှမ်းတောင်ကုန်းပေါ်က စစ်စခန်းကိုလည်း ဒီနေ့ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်နဲ့ ထွက်ပြေးကြပေမဲ့ စစ်သုံ့ပန်း ၈ ယောက်ကို ဖမ်းဆီးမိပြီး အလောင်း ၈ လောင်းလည်း တွေ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းက စစ်စခန်းကိုလည်း သိမ်းယူနိုင်တယ်လို့ ဆိုပါတယ်။

တအာင်းတပ်မတော် TNLA ကလည်း မန္တလေး PDF နဲ့ ပူးပေါင်းတိုက်ပွဲအကြောင်းကို သီးခြားထုတ်ပြန်ထားပြီး ဒီနေ့ မိုးကုတ်နဲ့ နောင်ချိုမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အလောင်း ၈ လောင်းရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ လေကြောင်းအားကိုးတိုက်ခိုက်နေပြီး နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ၊ ကိုးကန့်ပြည်နယ်၊ ချင်းရွှေဟော်ဒေသ၊ မာလီလင်ရွာ ညိုဖင်ကျီပရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013