DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်အောက် တာဝန်ထမ်းနေသူများ အလင်းဝင်ရန် MNDAA အသိပေး
DVB
·
October 29, 2023
စစ်ကောင်စီလက်အောက် တာဝန်ထမ်းနေသူများ အလင်းဝင်ရန် MNDAA အသိပေး
Donate to DVB

စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေအားလုံး အလင်းဝင်ကြဖို့ အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA က အောက်တိုဘာ ၂၈ ရက်နေ့မှာ အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။  

ကိုးကန့်ဒေသမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်၊ ရဲ၊ အုပ်ချုပ်ရေး ဝန်ထမ်း တွေ အနေနဲ့ မိမိတို့အသိစိတ်နဲ့ လက်နက်ချပြီး MNTJP/MNDAA ရှိရာကို လာရောက် အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။   

အလင်းဝင်ရောက်လာသူမှန်သမျှရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက် သွားမှာဖြစ်ပြီး အလင်းမဝင်ဘဲ ခေါင်းမာဆန့်ကျင်နေသူတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း အဲဒီ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။  

ပြည်သူ့စစ်ကနေ အပြီးထွက်လာတဲ့ မူဆယ်ဒေသခံလူငယ်တယောက်က “ကျနော်တို့က ပြည်သူ့စစ်လုပ်တယ်ဆိုတာ လုံခြုံရေးအစောင့်လုပ်ဖို့ လာတာလေ။ စစ်တိုက်ဖို့မှ မဟုတ်တာ။ စစ်ခေါ်တိုက်တယ်။ သူတို့နောက်လိုက်ရတယ်။ အရမ်းစိတ်တိုချင်တယ်။ ဖြစ်နိုင်ရင် သူတို့ကိုတောင် ပြန်ပစ်ချင်တယ်” လို့ ပြောပါတယ်။   

အလုပ်အကိုင်ရှားပါးတာကြောင့် လောင်းကစားရုံအစောင့် ပြည်သူ့စစ်အနေနဲ့ အလုပ်လုပ်ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။  

ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်မှုကျူးလွန်သူ စစ်သုံ့ပန်းတွေကို ဂရုတ်တစိုက်စောင့်ရှောက်ရေး မူဝါဒဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအတွက်ပါ အကျုံးဝင်ပြီး လက်နက်ချ အလင်းဝင်လာရင် စစ်သုံ့ပန်းမူဝါဒကို အပြည့်အဝခံစားရမယ့်အပြင် ဒဏ်ရာတွေကိုလည်း ကောင်းမွန်စွာ ကုသပေးသွားမယ်လို့ MNDAA က ဆိုပါတယ်။

မိမိအသိစိတ်နဲ့ အလင်းဝင်ရောက်လာသူတွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး သဘောထားကြီးကြီးနဲ့ စီရင်ဖြေရှင်းမယ်လို့ ဆိုသလို ဒီ ထုတ်ပြန်ချက်ဟာ စစ်အုပ်ချုပ်မှု ကာလ ပြီးဆုံးတဲ့အထိ အာဏာတည် အကျုံးဝင်ကြောင်း ဖော်ပြထားပါတယ်။  

မနေ့ညကတော့ မုံးကိုး၊ နမ့်ဖတ်ကာ၊ လားရှိုး တို့ကနေ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေခဲ့ပြီး လက်ရှိမှာတော့ လောက်ကိုင်မြို့ဘက်မှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား ဆက်လက်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

လားရှိုး - ချင်းရွှေဟော်နဲ့ လားရှိုး - မူဆယ်ကုန်သွယ်ရာ လမ်းတလျှောက် စစ်ရေးတင်းမာနေပြီး ညီနောင် မဟာမိတ်အဖွဲ့က သွားလာခွင့် ပိတ်ထားဆဲ ဖြစ်ပါတယ်။  

ဒါ့အပြင် အောက်တိုဘာ ၂၈ ရက် မနက်ပိုင်း ၆ နာရီလောက်ကစပြီး စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီ​နောင်တို့ကြား သိန္နီမြို့နယ် ကျောင်းခမ်းနဲ့ ပန်စုံရွာကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေ‌ကြောင်းနဲ့ ၃ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့​ကြောင်း ​ဒေသခံ​တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013