
အစ္စရေးလေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်နေ ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက အောက်တိုဘာ ၂၇ ရက် ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လေတပ်ဟာ ဥမင်လိုဏ်ခေါင်းတွေနဲ့ တခြားအခြေခံအဆောက်အအုံတွေပေါ်ကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။
“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက တိုက်ခိုက်မှုတွေ အပြင် မြေပြင်တပ်ဖွဲ့တွေက ဒီနေ့ညမှာ သူတို့ရဲ့ စစ်ဆင်ရေးတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်” လို့ ဟာဂါရီက ပြောကြားပြီး ဂါဇာကမ်းမြောင်မှာ ကာလရှည်ကြာ မျှော်လင့်ထားတဲ့ မြေပြင်ကျူးကျော်မှု စတင်ကောင်း စတင်နိုင်ဖို့ မျှော်လင့်ကြောင်း လည်း သူက ဆိုပါတယ်။
ဝိုင်းရံထားတဲ့ ဂါဇာနယ်မြေအတွင်း ပြင်းထန်စွာ ဗုံးကြဲခံရကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။
အပြင်းအထန် ဗုံးကြဲမှုတွေကြောင့် ဖုန်းနဲ့ အင်တာနက် အပါအဝင် ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့ရ ကြောင်း သောကြာနေ့ အစောပိုင်းက ပါလက်စတိုင်း မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု ကုမ္ပဏီ ယောဝါလ် က ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း လခြမ်းနီအသင်းကတော့ ဂါဇာရှိ သူ့ရဲ့ လုပ်ငန်းလည်ပတ်ရာရုံးခန်းနဲ့ မြေပြင်မှာ လုပ်ဆောင်နေတဲ့ အဖွဲ့တွေအားလုံးနဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားကြောင်း ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters