DVB Logo
Home
ကျန်းမာရေး
ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှု လိုအပ်
DVB
·
October 28, 2023
ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှု လိုအပ်
Donate to DVB

မိဘ‌တွေအနေနဲ့ အားလုံးဟာ သူတို့ရဲ့ကလေးတွေအတွက် အကောင်းဆုံးကို လိုချင်ကြပြီး မိဘတွေရဲ့ အဓိက စိုးရိမ်မှုတခုကတော့ ကလေးတွေရဲ့ ကျန်းမာစွာ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုပါပဲ။

မျိုးရိုးဗီဇဟာ ကလေးရဲ့ အရပ်အမြင့်ကို ဆုံးဖြတ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပေမဲ့ ကျွမ်းကျင်သူ‌တွေက ကလေးရဲ့အရပ်ကို အထောက်အကူပြုနိုင်တဲ့ မျိုးရိုးဗီဇထက် ကျော်လွန်ပြီး မရှိမဖြစ်လိုအပ်တဲ့ အကြောင်းရင်းတွေရှိတာကို ပညာရှင်တွေက အလေးပေး ဖော်ပြကြပါတယ်။

အံ့သြစရာကောင်းတာက အာဟာရနဲ့ လေ့ကျင့်ခန်းလုပ်ရုံတင်မကဘူး၊ ဒီဆောင်းပါးမှာ ကလေးရဲ့ ကျန်းမာကြီးထွားမှုကို မြှင့်တင်ဖို့ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာတို့ရဲ့ အရေးပါပုံကို တွေ့ရမှာပါ။

အချစ်မဲ့တယ်လို့ ခံစားရခြင်း၊ အနာဂတ်အတွက် မျှော်လင့်ချက်မရှိတာနဲ့ ပျော်ရွှင်မှုမရှိတာဟာ ကြီးထွားမှုနဲ့ အရပ်ရှည်ဖို့အတွက် လိုအပ်တဲ့ ဟော်မုန်း‌တွေကို တားဆီးပိတ်ဆို့တာ အပါအဝင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ “အဆိပ်သင့်စိတ်ဖိစီးမှု” ကို ဖြစ်ပေါ်စေပါတယ်။

ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆုံးဖြတ်ပေးတဲ့ မျိုးဗီဇ၊ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေသာမကဘဲ အရပ်ရှည်ဖို့အတွက် ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုတွေလည်း လိုအပ်တယ်လို့ ကျွမ်းကျင်သူတဦးက အကြံပြုထားပါတယ်။

ငယ်ရွယ်သူ‌တွေရဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာဟာ ပုညှက်တဲ့ ကြီးထွားလာမှုကို တားဆီးဖို့ အရေးကြီးတယ်လို့ Loughborough တက္ကသိုလ်က ဇီဝဗေဒပညာရှင်၊ ဆယ်စုနှစ်ငါးစုနီးပါး လူသားများ ကြီးထွားလာပုံကို လေ့လာခဲ့သူ ပါမောက္ခဘယ်ရီဘော်ဂျင်က ပြောကြားခဲ့ပါတယ်။ သူ့ရဲ့သုံးသပ်ချက်ကို ဇီဝကမ္မဆိုင်ရာ မနုဿဗေဒဂျာနယ်မှာ ထုတ်ဝေခဲ့ပါတယ်။

လူသားမျိုးစိတ်တွေဟာ ခိုင်မာတဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာ တွယ်တာမှုတွေ လိုအပ်ပါတယ်။ ဒါဟာ ငယ်ရွယ်သူတွေနဲ့ သက်ကြီးရွယ်အိုတွေကြား၊ အသက်အရွယ်မရွေး လူတို့ကြားမှာ အမှန်တကယ်လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။

အစာချေဖျက်မှုနဲ့ ခန္ဓာကိုယ်ထဲကို အာဟာရစုပ်ယူမှု၊ ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်၊ အလုံးစုံပျော်ရွှင်မှုနဲ့ ဘဝအပေါ် အကောင်းမြင်စိတ်တွေလို ဇီဝဆိုင်ရာ လုပ်ဆောင်ချက် အားလုံးနီးပါးကို မြှင့်တင်ဖို့ စိတ်ခံစားမှုဆိုင်ရာ တွယ်တာမှုတွေက လိုအပ်ပါတယ်။

ဥပမာအားဖြင့် မသေချာ မရေရာမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ထိတွေ့နေရတဲ့ ဂွါတီမာလာ နိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ အရပ်အပုဆုံးလူတချို့ ရှိပြီး နယ်သာလန်မှာ‌တော့ နိုင်ငံသားတွေရဲ့ လူမှုစောင့်ရှောက်မှုနဲ့ လုံခြုံရေးကို ပံ့ပိုးပေးတဲ့ မူဝါဒတချို့ ရှိတဲ့အတွက် အရပ်အမြင့်ဆုံးလူတွေ ရှိကြပါတယ်။

ဂွါတီမာလာ အမျိုးသားတွေဟာ ပျမ်းမျှအရပ် ၁၆၃ စင်တီမီတာ (၅ ဒသမ ၃ ပေ) ရှိပြီး ပျမ်းမျှ အမျိုးသမီးအရပ်က ၁၄၉ စင်တီမီတာ (၄ ဒသမ ၈ ပေ) ဝန်းကျင်ရှိကာ နယ်သာလန်က အမျိုးသားတွေက ပျမ်းမျှအားဖြင့် ၁၈၃ စင်တီမီတာ (၆ ပေ) နဲ့ အမျိုးသမီးတွေက ၁၆၉ စင်တီမီတာ (၅ ဒသမ ၅ ပေ) ရှိတဲ့အတွက် နှိုင်းယှဉ်ပါက အရပ်ကွာခြားမှုကို တွေ့မြင်နိုင်ပါတယ်။

ပါမောက္ခဘော်ဂျင်က ၁၈၀၀ ကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ ရာစုနှစ် နှစ်ခုနီးပါး ကြာမြင့်တဲ့ အမြင့်ရဲ့ သမိုင်းဝင်မှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။

၁၈၇၃ ခုနှစ်က‌နေ ၁၈၇၉ ခုနှစ်အထိ ကြာမြင့်ခဲ့တဲ့ ကာလအတွင်းမှာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ကာလရှည် စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စုတွေဟာ အစာရေစာခေါင်းပါးမှုနဲ့ ဖျားနာမှုလို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

စစ်သားတွေ၊ စစ်မှုထမ်းတွေနဲ့ အကျဉ်းသားတွေရဲ့ အရပ်အမောင်းဆိုင်ရာ သမိုင်းမှတ်တမ်း အချက်အလက်တွေအရ ၁၈၇၃ ခုနှစ်က အမေရိကန်မှာမွေးဖွားတဲ့ အမျိုးသားတွေဟာ စီးပွားရေးအကျပ်အတည်းအပြီး ၁၈၉၀ ပြည့်နှစ် မွေးဖွားသူတွေထက် ၃ စင်တီမီတာဝန်းကျင် အရပ်ရှည်ကြောင်း ပြသခဲ့ပါတယ်။

ပရော်ဖက်ဆာ ဘော်ဂျင်က အကြံပြုထားတဲ့ အရပ်အမြင့်ဆိုင်ရာ အချက်အလက်ဟာ အထူးသဖြင့် အလုပ်သမားလူတန်းစားအတွက် စီးပွားရေးဒေတာ မရှိတဲ့အချိန်တွေမှာ စီးပွားရေးဆိုင်ရာ အကဲဆတ်တဲ့ ညွှန်ပြချက်တခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုကိစ္စတွေမှာ မျိုးရိုးဗီဇ၊ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေဟာ အရပ်အမြင့် ပြောင်းလဲမှုကို ရှင်းပြနိုင်မှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။

ကလေးရဲ့ စိတ်ကျန်းမာရေးလို အချက်တွေဟာ အရေးကြီးပေမဲ့ ကလေးကြီးထွားမှုမှာ မျိုးရိုးဗီဇရဲ့ အခန်းကဏ္ဍကို ဖယ်ထုတ်လို့ မရပါဘူး။ ကလေးရဲ့ အရပ်အမြင့်ကို သိသာထင်ရှားစေတဲ့ အစိတ်အပိုင်းအနေနဲ့ မိဘတွေရဲ့ အရပ်အမြင့်၊ မိသားစုရာဇဝင်နဲ့ လူမျိုးရေးနောက်ခံတို့လို အချက်တွေနဲ့လည်း ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ မျိုးရိုးဗီဇဟာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ရုပ်ပုံတခုလုံးကို ခြယ်မှုန်းခြင်းမပြုဘဲ ပတ်ဝန်းကျင်နဲ့ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်များ အပါအဝင် အခြားအချက်‌တွေပါ ပါဝင်လာပါတယ်။

ကလေးဘဝတွင် ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုကို မွေးမြူပါ။

ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာအတွက် ကလေးနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းပါ။ နှစ်ယောက်စလုံး နှစ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပါ။ သူတို့ရဲ့ အတွေး‌တွေနဲ့ ခံစားချက်တွေကို နားထောင်ပါ။ ခိုင်မာတဲ့ စိတ်ခံစားမှုဆိုင်ရာ နှောင်ကြိုးကို ဖန်တီးပါ။ ကလေးရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှု‌တွေကို ချီးကျူးပါ။ အပြုသဘောဆောင်တဲ့ အားဖြည့်မှုဟာ ကလေးရဲ့ မိမိကိုယ်ကို လေးစားမှုနဲ့ ပျော်ရွှင်မှုကို တိုးစေပါတယ်။

တည်ငြိမ်သောပတ်ဝန်းကျင်ကို ပေးပါ။

တသမတ်တည်းရှိမှုနဲ့ တည်ငြိမ်မှုဟာ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ လုံခြုံရေးတို့ကို ဖြည့်ဆည်းပေးထားကြောင်း သေချာပါစေ။ ကလေးဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေနဲ့ အတွေးအမြင်တွေကို ဖော်ပြဖို့ လုံခြုံတယ်လို့ ခံစားရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပါ။ ပွင့်လင်းတဲ့ ဆက်သွယ်မှုနဲ့ တက်ကြွစွာ နားထောင်ခြင်းကို အားပေးပါ။

လီလီ

Ref:

-Children need love, hope and happiness to grow tall (Sky News)

-Want to increase your child's height? Experts say children need these two things to grow tall- (Time of India)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013