DVB Logo
Home
မြန်မာသတင်း
သဘောထားကွဲလွဲမှုများ ခေတ္တဘေးဖယ်ပြီး စစ်ကောင်စီကို အတူပူးပေါင်းတိုက်ဖျက်ကြရန် MNDAA တိုက်တွန်း
DVB
·
October 27, 2023
သဘောထားကွဲလွဲမှုများ ခေတ္တဘေးဖယ်ပြီး စစ်ကောင်စီကို အတူပူးပေါင်းတိုက်ဖျက်ကြရန် MNDAA တိုက်တွန်း
Donate to DVB

တနိုင်ငံလုံးက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အချင်းချင်းကြားမှာ သဘောထားကွဲလွဲတာတွေကို ခေတ္တဘေးဖယ်ထားပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ် အဖွဲ့တွေကို ဟန်ချက်ညီညီ အတူတကွပူးပေါင်းတိုက်ဖျက်ကြဖို့ MNDAA က တိုက်တွန်းလိုက်ပါတယ်။

အဲဒီလို ပူးပေါင်းတိုက်ဖျက်ဖို့ကိုလည်း မျှော်လင့်တယ်လို့ဆိုပြီး စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေကို ဆက်လက်ဒုက္ခပေးနေတာတွေ ချက်ချင်းရပ်တန့်ပြီး လက်နက်ချ အလင်းဝင်ကြဖို့ ကိုလည်း ပြည်သူတွေကိုယ်စား တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင်မဟာမိတ်အဖွဲ့တို့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကနေ ပြည်သူလူထုဆီကို အိတ်ဖွင့်ပေးစာနဲ့ ထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေလည်း လက်နက်ချပြီး ပြည်သူလူထုရဲ့ ရင်ခွင်ထဲကို ရောက်တဲ့နေရာကနေ အမြန်ဆုံးဝင်ရောက်ပြီး စစ်ကောင်စီကို အတူတကွ ပူးပေါင်းတိုက်ခိုက်ချေမှုန်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီ အိတ်ဖွင့်ပေးစာကို မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံ၊ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ၊ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် စစ်ရေးကော်မတီ (MNTJP/MNDAA)က ထုတ်ပြန်လာတာဖြစ်ပြီး  သူတို့ဟာ တော်လှန်ရေး အဖွဲ့အစည်းတရပ်ဖြစ်တာကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်၊ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ၊ ရင်းနှီးမြှုပ်နှံနေတဲ့သူတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးတော့ အဖွဲ့အစည်းရဲ့ မူဝါဒတခုဖြစ်တဲ့ စည်းရုံးလို့ရသမျှ အင်အားစုတွေအားလုံးကို စည်းလုံးဖို့ဖြစ်တာကြောင့် လက်နက်ချပြီး အလင်းဝင်ပူးပေါင်းလာသူမှန်သမျှကို သဘောထားကြီးကြီး လက်ခံကြိုဆိုမှာဖြစ်သလို စစ်ကောင်စီကို နောက်ခံပြုပြီး တော်လှန်ရေးအတွက် ဆက်လက်ပေကပ် ခေါင်းမာဆန့်ကျင်နေသူတွေကိုတော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံဟာ ဆင်းရဲမွဲတေရှုပ်ထွေးနေပြီး အခုလိုဆက်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုဆီ ပြန်လည်အပ်နှင်းဖို့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည်ဆွဲတင်ဖို့နဲ့ ပြည်တွင်းစစ်မီးကို အမြန်ဆုံးချုပ်ငြိမ်းစေဖို့ အတွက် ပြည်သူလူထုတရပ်လုံးအနေနဲ့လည်း သူတို့နဲ့အတူ၊ နွေးဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စုစုစည်းစည်း ညီညီညွတ်ညွတ် တော်လှန်တိုက်ပွဲဝင်ကြရမယ်လို့ ဆိုပါတယ်။

ဒီလို ဒေသအလိုက် ဟန်ချက်ညီတဲ့တော်လှန်ရေးကို ဆင်နွှဲနိုင်မယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို မုချ သေချာပေါက် အမြစ်ပြုတ်ချေမှုန်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ဆင်ရေး ၁၀၂၇ ကို ဒီမနက်မှာ စတင်တာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013