DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် အ.ထ.က ကျောင်း မီးလောင်မှုအတွက် ကျောင်းသူ ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
October 27, 2023
မော်လမြိုင် အ.ထ.က ကျောင်း မီးလောင်မှုအတွက် ကျောင်းသူ ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ့ အမှတ် ၉ အခြေခံပညာ အထက်တန်းကျောင်းကို မီးရှို့ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အသက်မပြည့်သေးတဲ့ သံသယတရားခံ ကျောင်းသူတဦးကို  ဖမ်းဆီးခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မော်လမြိုင် အမှတ် ၉ အထက်တန်းကျောင်းရှိ ဦးသာညှင်းဓမ္မာရုံအဆောင်နဲ့ ကွန်ပြူတာထားရှိတဲ့ နှစ်ထပ်ကျောင်းဆောင်တို့ အောက်တိုဘာ ၂၅ ရက် မနက် ၃ နာရီက မီးလောင်ကျွမ်းခဲ့ပြီး ကျပ် ၉၃ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုမဖြစ်ခင် ကျောင်းဝင်းထဲကို  စက်ဘီးနဲ့ဝင်သွားခဲ့တဲ့ အမျိုးသမီးကို CCTV မှတ်တမ်းမှာ တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး အသက် ၁၇ နှစ်အရွယ် ကျောင်းသူကို ဖမ်းဆီးခဲ့တာ ဖြစ်နိုင်တယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။

“အဲ့ကလေးက တကယ်လုပ်လား၊ မလုပ်လားဆိုတာ သေချာတော့မသိဘူး။ ၁ နာရီလောက်က အမျိုးသမီးဝင်သွားတယ် ဆိုတာတော့ CCTV ကနေ တွေ့သလို တခြားတွေ့တဲ့သူတွေလည်း ရှိတယ်။ ခုဖမ်းသွားတာက အသက်မပြည့်သေးတဲ့ ကျောင်းသူလေးဖြစ်တော့ ရှို့နိုင်မယ်လို့ မထင်ဘူး။ တရားခံမဟုတ်ဘဲ အဖမ်းခံရရင်တော့ ကလေးအတွက် အများကြီးနစ်နာနိုင်တယ်။”

သံသယတရားခံမှာ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်း Grade 12 အခန်း B မှာ တက်ရောက်နေတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတယောက်ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက် မနက်ကလည်း အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဆောင် ၂ ဆောင် မီးလောင်ခဲ့ပြီး ကျပ်သိန်း ၂၇၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဩဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ ကျောင်းအုပ်ဆရာမကြီးကြောင့် ဖြစ်တယ်လို့ သတင်းထွက်ပြီးနောက် ကျောင်းအုပ်ဆရာမကြီးကို ဘားအံကို ရွှေ့ပြောင်းခဲ့ပေမဲ့ ကျောင်းအုပ်အသစ်လက်ထပ်မှာ ထပ်မံမီးလောင်ခဲ့တာဖြစ်တယ်လို့ ဒေသ‌ခံတွေက ပြောပါတယ်။

မီးလောင်ခဲ့တဲ့ ၂ ထပ်ကျောင်းဆောင်ဟာ ၁၈၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကာ ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်းလို့ လူသိများပြီး အမျိုးသားကျောင်းတွေ မပေါ်ပေါက်ခင် ကိုလိုနီခေတ်ကတည်းက တည်ထောင်ခဲ့တဲ့ကျောင်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013