DVB Logo
Home
မြန်မာသတင်း
စစ်ဆင်ရေး ၁၀၂၇ ကို ဆင်နွှဲနေကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြေညာ၊ ရှမ်းမြောက်ဒေသ တိုက်ပွဲပြင်းထန် 
DVB
·
October 27, 2023
စစ်ဆင်ရေး ၁၀၂၇ ကို ဆင်နွှဲနေကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြေညာ၊ ရှမ်းမြောက်ဒေသ တိုက်ပွဲပြင်းထန် 
Donate to DVB

စစ်ဆင်ရေး ၁၀၂၇ ကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ကိုးကန့်၊ တအောင်းနဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

အွန်လိုင်းလောင်းကစားလိမ်လည်မှုပပျောက်ရေး၊ အွန်လိုင်းဂိမ်း (ကျဖျင်) ကုမ္ပဏီတွေနဲ့ အဆိုပါ လုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့  စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်း ဖို့ရည်ရွယ်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရက္ခိုင့်တပ်တော် AA ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မနက် ၄ နာရီက  ဝင်ရောက်တိုက်ခိုက်ပြီးနောက် အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။

ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ နမ့်ခမ်း စတဲ့မြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားတပ်တွေ  တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။

ချင်းရွှေဟော်တံတားထိပ် ၊ ဖောင်ဆိပ်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုးမြို့ပြင်ရှိ စစ်ကောင်စီ စခန်းတွေကို တိုင်းရင်းသားတပ်ဖွဲ့တွေက တချိန်တည်း တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ချင်းရွှေဟော်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီကနေ့ လားရှိုးမြို့အနီးတဝိုက်မှာ ပစ်ခတ်နေကြပြီး သေနတ်သံတွေ မနက် ၄ နာရီကတည်းက ကြားနေ ရတယ်၊ မနက် ၉ နာရီ နဲ့ ၁၀ နာရီကြားမှာ စစ်တပ်ရဟတ်ယာဉ်တွေ ပျံဝဲနေပြီး ဗုံးကြဲချမှာ စိုးလို့ လားရှိုးမြို့နယ်ရှိ တာယောင်၊ မတ်ချီနူ၊ ကောင်းကဲ အစရှိတဲ့ ကျေးရွာအုပ်စုက ပြည်သူတွေဟာ ရွာထဲပုန်းခိုရမလို၊ ထွက်ပြေးရမလို စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ ဒေသခံက ဆိုပါတယ်။ 

ဒေသခံတဦးက “ပစ်ခတ်သံတွေက လားရှိုးမြို့ထဲကနေ အတိုင်းသားကြားနေရတယ်ခင်ဗျ၊ အေတီတံတား၊ ဟိုပိတ်ရွာနားက တိုးဂိတ်၊ ကချင်ကုန်းတိုးဂိတ်တွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်၊ စစ်တပ်က လားရှိုးမြို့ထဲကနေ မြို့ပြင်ဘက်ကို ကူပစ်နေတယ်လို့ ပြောနေကြတယ်” ပြောပါတယ်။ 

ဒါ့အပြင် သိန္နီမြို့ အနီးမှာရော၊ သိန္နီ- ချင်းရွှေဟော်သွားကားလမ်းပေါ်မှာပါ တိုက်ပွဲတွေ ဖြစ်နေပြီး ကိုးကန့်တပ်ဘက်က လမ်းတွေပိတ်ဆို့ထားတဲ့အတွက် ခရီးသည်တွေ ပိတ်မိနေတယ်လို့  သိန္နီ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ကနေ့မနက် ချင်းရွှေဟော်ဘက်ကလာတဲ့ သိန္နီအဝင်လမ်းက နမ့်တိမ်တံတား ဖောက်ခွဲခံရပြီး ကျိုးသွားပြီ။ လားရှိုး၊ သိန္နီ၊ ချင်းရွှေဟော်ဘက် သွားလာလို့ မရတော့ဘူး။ အဲဒီ လမ်းတလျှောက် ကိုးကန့်စစ်သားတွေ ပိတ်ထားတယ်။ ကိုးကန့်စစ်သားတွေ သိန္နီမြို့ထဲထိဝင်လာတယ်၊ အထက ၁ ကျောင်းနားရောက်နေပြီ၊  သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ ကလေးနဲ့ဆရာတွေတော့မရှိဘူး ” 

မူဆယ်ခရိုင် နမ့်ခမ်း နဲ့ နမ့်ဖတ်ကာ သွားလမ်းပေါ်မှာလည်း TNLA ပလောင်တပ်နဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်နေပြီး အသေးစိတ်ကိုတော့ မသိရဘူးလို့ သိန္နီဒေသခံ တဦး က ပြောသွားပါတယ်။

လားရှိုးမြို့နယ်မှာ ကိုးကန့်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား အောက်တိုဘာ ၁၄ ရက်ကစ တိုက်ပွဲဖြစ်နေပြီး အောက်တိုဘာ ၂၅ ရက်က ဟိုနမ့်ကျေးရွာထဲကို လက်နက်ကြီး ကျလာတဲ့အတွက် နေအိမ် ၂ လုံးပျက်စီးကာ  ရွာသူ ၃ ဦး ထိမှန် ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဟိုနမ့်ရွာထဲကို ၂၅  ရက်နေ့ ည ၁၁ နာရီလောက်က လက်နက်ကြီး ၃ လုံးကျတယ်  ညမိုးချုပ်တော့ ကျည်က ဘယ်ဘက်ကလာလဲတော့မသိဘူး။ စစ်တပ်က လေယာဉ်နဲ့ ကိုးကန့် တပ်ကို လာပစ်တယ်လို့လည်း ပြောတယ်။ အမှန်က ဟိုနမ့်ရွာမှာ ကိုးကန့်တပ်သားတွေမရှိပါဘူး၊ သူတို့ထွက်သွားတာ ၃ ရက်လောက်ရှိပြီ။ လက်နက်ကြီးက ရွာထဲမှာ ၃ လုံးကျတယ်၊ ၁ လုံးက လုံးခမ်းရဲ့အိမ်၊ နောက် ၁ လုံးက ပါစံတို့အိမ်၊ နောက် ၁ လုံးက ရွာထဲကျတယ်။ ပထမ ၁ လုံးက အိမ်လုံးလုံးပျက်စီးသွားတယ်၊ လူကစစ်ရှောင်နေလို့ မထိခိုက်ဘူး။ ဒုတိယအလုံးက ပါစံတို့ အိမ်ထိတော့ ပါစံ ( ၅၂ နှစ် ) က ပွဲချင်းပြီးသေသွားတယ်၊ အိမ်လည်းပျက်စီးတယ်။ ပြီးတော့ နိုင်းဟန် (၇၄ နှစ်) နဲ့ နန်းပျဲန်း (၄၅ နှစ်) တို့ သားအမိ ၂ ယောက်ဒဏ်ရာရတယ်။ လူမှုကူညီရေးအဖွဲ့က လားရှိုးဆေးရုံခေါ်သွားတယ်။ သူတို့က ဆေးကုခလည်းမရှိဘူး၊ အဲဒီလူမှု ကူညီရေးအဖွဲ့ကပဲ ဆေးဖိုး ၅၀၀၀၀ ကူသွားတယ်တဲ့။”

အဲဒီညက ဟိုနမ့်ရွာသားတွေ ညကြီးမင်းကြီး နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ထွက် ပြေးခိုလှုံခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

ရှမ်းပြည်နယ်အထူး ဒေသ ၁ မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အမြစ်ပြုတ်တိုက်ချေမှုန်းရေး၊ လောက်ကိုင်မြို့ရှိ အွန်လိုင်းဂိမ်း(ကျဖျင့်) ကုမ္ပဏီတွေကို တိုက်ဖျက်ရှင်းလင်းရေးနဲ့ အဆိုပါ ကုမ္ပဏီတွေကို အကာအကွယ်ပေးနေတဲ့ နောက်ကွယ်အင်အားစုတို့ စစ်အင်အားတိုးချဲ့လာမှာကို ဟန့်တားဖို့အတွက် လားရှိုးမှ ချင်းရွှေဟော်၊ လားရှိုးမှ မူဆယ် ပြည်ထောင်စုလမ်းမကြီကို ပိတ်ပင်လိုက်ကြောင်းလည်း  MNDAA ကလည်း  ဒီကနေ့မနက် ထုတ်ပြန်ပါတယ်။

အဆိုပါလမ်းပိုင်း ၂ ခုကို ဒီမနက် မြန်မာစံတော်ချိန် ၆ နာရီကစပြီး အရေးပေါ် ပိတ်ပင်လောက်ကြောင်းနဲ့ ဘယ်ယာဉ်တန်းမှ ဖြတ်သန်းသွားလာခွင့် ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013