Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် အန်အယ်လ်ဒီ ဝန်ကြီးများကို ထောင်ဝင်စာတွေ့ ခွင့်မပြု 
DVB
·
October 26, 2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အန်အယ်လ်ဒီအစိုးရ ဝန်ကြီးတွေနဲ့  သေဒဏ်ချမှတ်ခံထားရသူတွေကို စစ်ကောင်စီက ထောင်ဝင်စာ တွေ့ခွင့်မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းကနေသိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားချိန် ကတည်းက ပိတ်ထားတဲ့ထောင်ဝင်စာ လူတွေ့ဆုံခွင့်တွေကို အောက်တိုဘာလ ၂၄ ရက်ကစပြီး မြန်မာတနိုင်ငံလုံးက ထောင်အများစုမှာ ပြန်လည်ခွင့်ပြုလိုက်ပေမဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ အန်အယ်လ်ဒီ ဝန်ကြီးတွေကိုရော စစ်တပ်က အရာရှိဟောင်းတွေကိုပါ  ထောင်ဝင်စာတွေ့ခွင့် မပြုဘူးလို့ဆိုပါတယ်။

တောင်ငူထောင်ကနေ မကြာခင်ကလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်က “မနေ့က တနေကုန် ထောင်ရှေ့ကိုသွားကြည့်နေတာ၊ သမ္မတကြီးကို ဘယ်သူလာတွေ့ သလဲလို့သိရအောင်။ ညနေပိုင်း နောက်ဆုံးအသုတ်အထိ ဘယ်သူမှ လာမတွေ့တော့ မနက်ပိုင်းဝန်ထမ်းတွေ ဂျူတီသိမ်းလို့ ပြန်အထွက်မှာလိုက်မေးကြည့်တော့မှ သမ္မတကြီးနဲ့ ဝန်ကြီးတွေကို ထောင်ဝင်စာ ပေးမတွေ့ဘူး။ အပေါ်ကညွှန်ကြားထားလို့။ သူတို့အပြင် မကြာခင်ကမှ ရောက်လာတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကိုလည်း ထောင်ဝင်စာတွေ့ခွင့်မပေးဘူး” လို့ ပြောပါတယ်။

မနေ့က ထောင်ဝင်စာသွားတွေ့တဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက “သာယာဝတီထောင်မှာရှိတဲ့ ဝန်ကြီးတစ်ဦးကိုတော့ မနေ့က ထောင်က တာဝန်ရှိသူတွေက‌ ခေါ်တွေ့ပြီး၊ ထောင်ဝင်စာမမျှော်ဖို့၊ ဝန်ကြီးတွေ၊ သေဒဏ်သမားတွေကို ထောင်ဝင်စာ ပေးမတွေ့ဖို့ အထက်ကညွှန်ကြားထားတယ်လို့ ခေါ်ပြောတယ်။ အိမ်တွေကိုလည်း လူကြုံနဲ့ မမှာနဲ့လို့လည်း တခါတည်းလိုက်တယ်”လို့ ပြောပြပါတယ်။

အခုလို ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ထားတဲ့ပတ်သက်ပြီး တောင်ငူထောင်ကို တယ်လီဖုံးနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုံးမကိုင်ပါဘူး။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အောက်တိုဘာ ၂၄ ရက်ကစပြီး ထောင်ဝင်စာ လူတွေ့ဆုံခွင့်တွေ ပြန်လည်ခွင့်ပြုလိုက်ပေမဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ခါ ထိုးထားတဲ့လက်မှတ်၊ တပတ်အတွင်းလုပ်ထားတဲ့ ရဲစခန်းနဲ့ ရ၀တ ထောက်ခံစာတွေ ယူလာရမယ်လို့ စည်းကမ်းကန့်သတ်ထားတာကြောင့်   ထောင်ဝင်စာလာတွေ့တဲ့ မိသားစုဝင်တွေ အခက်အခဲ ရှိနေကြပါတယ်။

တချို့ဒေသတွေမှာ ကိုဗစ် ကာကွယ်ဆေး လက်မှတ်တစောင်ကို ကျပ်  ၅၀၀၀၀ အထိ ဈေးဖြစ်သွားခဲ့တာ၊ မိသားစုဝင် အိမ်ထောင်စုဇယားမှာပါသူတွေပဲ ခွင့်ပြုတာကြောင့်၊ မိသားစုလိုက် ထွက်ပြေးနေရတဲ့သူတွေအတွက် အခက်အခဲတွေဖြစ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024