DVB Logo
Home
မြန်မာသတင်း
ကျဆုံး ကချင်တိုင်းရင်းသားများကို ဦးညွတ်ဂုဏ်ပြုကြောင်း KIO နှစ်ပတ်လည်နေ့တွင် NUG သဝဏ်လွှာပို့ 
DVB
·
October 25, 2023
ကျဆုံး ကချင်တိုင်းရင်းသားများကို ဦးညွတ်ဂုဏ်ပြုကြောင်း KIO နှစ်ပတ်လည်နေ့တွင် NUG သဝဏ်လွှာပို့ 
Donate to DVB

လွတ်မြောက်ရေး ကြိုးပမ်းမှုအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြတဲ့ ကချင်တိုင်းရင်း သားတွေ အားလုံးအတွက် ဦးညွှတ်အလေးပြုကြောင်း အောက်တိုဘာ ၂၅ ရက် ဒီနေ့ကျရောက်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း ၆၃ နှစ်မြောက် အခမ်းအနားကိုပေးပို့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့  သဝဏ်လွှာမှာ ဖော်ပြတယ်။

ပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကေအိုင်အိုက ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေ ဦးဆောင်ပြီး မြန်မာတနိုင်ငံလုံးက ပြည်သူတွေ အပါအဝင် တခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်နေတဲ့အတွက် မကြာမီ အနာဂတ်မှာ ကချင်အမျိုးသားတို့ လိုလားတောင့်တနေကြတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ဆီ ရောက်ရှိနိုင်တော့မယ်လို့ ဆိုပါတယ်။

KIO အဖွဲ့ကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၅ ရက်မှာ ကချင်လူမျိုးတွေနဲ့ ကချင်ပြည်နယ်ရဲ့ လွတ်မြောက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် စွမ်းစွမ်း တမံ ဖော်ဆောင်ကြိုးပမ်းဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်တာပါ။

ဒါပေမဲ့ အကြမ်းဖက် စစ်အာဏာသိမ်းမှုတွေကြောင့် ရည်မှန်းချက်တွေ ဖျက်ဆီးခံရတဲ့အတွက် ဘုံရန်သူဖြစ်တဲ့ အာဏာသိမ်းစစ်တပ်ကို တခြားတိုင်းရင်းသားတွေနဲ့အတူ လက်တွဲပြီး ရှေ့တန်းကနေ တက်တက်ကြွကြွ ဦးဆောင်တော်လှန်တိုက်ခိုက်နေခဲ့တာ အခုတိုင်ထိ ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှာ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ စုပေါင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သမိုင်းဝင် ပင်လုံစာချုပ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရှိတဲ့အခါ လွတ်လပ်တဲ့ ကချင်တောင်တန်းဒေသကို ပြည်ထောင်စုအဖွဲ့ဝင် ကချင်ပြည်နယ်အဖြစ် ဖော်ပြရေးကို သဘောတူညီခဲ့ကြပြီး နယ်စပ် ဒေသတွေရဲ့ နယ်တွင်း အုပ်ချုပ်ရေးကို ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့်ရှိစေရေးကိုလည်း သဘော တူညီခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013