
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON) ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားပေမဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မုန်တိုင်းအဝန်းအဝိုင်းအတွင်း ကျရောက်နိုင်လို့ မုန်တိုင်းသက်ရောက်မှုကို ခံစားရနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ဟာ ရခိုင်ပြည်နယ် သံတွဲမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်၊ စစ်တွေမြို့အနောက်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်၊ မောင်တောမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့ အရှေ့ဘက် ရေမိုင် ၁၆၀ မိုင်ခန့်၊ ဒီဂါမြို့ အရှေ့တောင်ဘက် ရေမိုင် ၁၅၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၂၅ မိုင်ခန့်နဲ့ စစ်တကောင်းမြို့ အနောက်တောင်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
အားအလွန်ကောင်းတဲ့ မုန်တိုင်းဟာ အားပျော့သွားပြီး နောက် ၃၅ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ခီပူပါရာမြိုနဲ့ စစ်တကောင်းမြို့အကြားကနေ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီး မြေပြို ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုရှောင်ရှားဖို့လည်း အသိပေး နှိုးဆော်ထားပါတယ်။










