Home
မြန်မာသတင်း
နိုင်ငံရေးပါတီရုံးခန်းများ ဖွင့်လှစ်ကြရန်  စစ်ကောင်စီဩဇာခံကော်မရှင် တိုက်တွန်း
DVB
·
October 24, 2023

နိုင်ငံရေးပါတီတွေအနေနဲ့ သတ်မှတ်ကာလအတွင်း ပါတီဝင်စာရင်း တင်ပြဖို့နဲ့ ရုံးခန်းတွေဖွင့်ကြဖို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောထားတဲ့အတွက် နိုင်ငံရေးပါတီတွေ ရုံးခန်းတွေဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီ ၃၇ ပါတီတို့ တွေ့ဆုံပွဲမှာ ပြောလိုက်တာပါ။

စစ်ကောင်စီက စိတ်ကြိုက်ပြင်ဆင်ထုတ်ပြန်ထားတဲ့ ဥပဒေအရဆိုရင် နိုင်ငံရေးပါတီတွေဟာ မှတ်ပုံတင်ခွင့်ရတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အားစာရင်းကို တင်ပြပြီး ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းတွေ ဖွင့်ရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ ရခိုင်ပြည်နယ် အစိုးရနေရာမှာ တိုင်းရင်းသားတွေပါဝင်နိုင်ဖို့ ဝင်ပြိုင်တာဖြစ်ပြီး ပါတီရုံးခန်းဖွင့်ဖို့ကို ၂ နေရာ စာကျန်နေသေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ဘယ်နှယောက်ဝင်ပြိုင်မယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ပါတီအတွင်းရေးမှူး ဦးလေသာကျော်က “အခက်ခဲတွေက မြောက်ဦးမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်က ပါတီရုံးခန်းဖွင့်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ပေးရမယ်ဆိုတာ အဲတာအဆင်မပြေသေးလို့ပါဗျ။ အခုက စည်ပင်ကတော့ ရထားပါပြီ။ အခုမပေးသေးတာ ထွေအုပ်ရုံးကလေ၊ ဘာကြောင့်များမပေးနိုင်သေးလဲဆိုတာ ကျနော်တို့လည်းမ ပြောတတ်ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီပါတီကိုတော့ ဖျက်သိမ်းခဲ့ပြီး ပါတီရုံးခန်းတွေကို ဝင်ရောက်စီးနင်းဖျက်ဆီး၊ ပါတီဆိုင်းဘုတ်တွေကို အဓမ္မလိုက်လံဖြုတ်ချခဲ့ပါတယ်။  

လက်ရှိမှတ်ပုံတင်ခွင့်ရထားတဲ့ ၃၇ ပါတီထဲက ရန်ကုန်မှာသာ ဝင်ပြိုင်မယ့် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ကတော့ ပါတီဝင်အင်အား စာရင်းတင်ပြထားပြီး ရုံးခန်းတွေဖွင့်ဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) တာဝန်ရှိသူ “ပြည်တွင်းနိုင်ငံရေး အင်အားစုဆိုတာလည်း ကျနော်တို့က လိုအပ်ပါတယ်။ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေ ဒါလုပ်ဖို့လိုတယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။ လုပ်မယ့်သူ တခုမှမရှိဘူး ဆိုရင်လည်း ကျနော်တို့က သွားချင်တဲ့ ဒီမိုကကရက်တစ်လမ်းက လုံးဝကို စုံးစုံးမြုပ်သွားမှာ ပျောက်သွားမှာ ပြည်သူလိုချင်တာက ပါတီစုံလိုချင်တယ်လေ။ ပါတီစုံဆိုရင်တော့ သူ့ရဲ့ အထွေထွေရွေးကောက်ပွဲကို ကျနော်တို့က ပတ်သက်ပြီး ဖြတ်ကျော်ရမှာပဲလေ”လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP ကျားဖြူပါတီ ဥက္ကဋ္ဌ  စိုင်းအိုက်ပေါင်းကလည်း သူတို့ပါတီအနေနဲ့ တနိုင်ငံလုံးမှာ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် ယှဉ်ပြိုင်မှာဖြစ်လို့ ပါတီဝင် အင်အား ၁ သိန်းအထိ စာရင်းပြထားပြီး ကိုယ်စားလှယ်တွေရဲ့ နေအိမ်မှာ ရုံးခန်းဖွင့်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

စိုင်းအိုက်ပေါင်း “ဒီတခါတော့ မှတ်ပုံတင်ကျမှ မဲထည့်ရမယ်။ မဲစာရွက်နဲ့ မဟုတ်ဘူး။ Logo ကို နှိပ်လိုက်ပြီဆိုတာနဲ့ ချက်ချင်း ထွက်လာတယ်လေ။ မဲစာရွက် ထွက်လာတယ်လေ။ လောလောဆယ်တော့ ကျနော်တို့ လက်တွေ့ စမ်းသပ်ကြည့်သလောက်တော့ လိမ်ဖို့တော့ ခက်ခဲမယ် ထင်တယ်ဗျ။ ဒါပေမဲ့ ကျနော်တို့ ရာခိုင်နှုန်းပြောလို့မရဘူးလေ။ ဘယ်လောက် မှန်ကန်မယ်။ မမှန်မယ်ဆိုတာ။ ဒါက နည်းပညာတွေကလည်း အမေရိကန်မှာတောင် ဖြစ်နေသေးတာပဲ ဟုတ်တယ်မဟုတ်လား။ အဲ့တော့ ကျနော်တို့လည်း  ရာနှုန်းပြည့်တော့မပြောရဲဘူးဗျ”လို့ ပြောပါတယ်။

နိုင်ငံရေးပါတီတွေဘက်က ဒီလိုပြောပေမဲ့ ဒီရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင် သမ္မတဖြစ်ရေးအတွက် နိုင်ငံရေးထွက် ပေါက်ရှာပေးတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က  ပြောပါတယ်။

ဒါ့အပြင် စစ်တပ်တောင်မှ တပ်ဝင်းထဲက မထွက်ရဲတဲ့ကာလမှာ နိုင်ငံရေးပါတီတွေက ဘယ်လို စည်းရုံးရေးတွေ ဆင်းမလဲ၊ လုံခြုံရေးကို ဘယ်သူက တာဝန်ယူမှာလဲလို့ မေးခွန်းထုတ်ပါတယ်။

ဦးသန်းစိုးနိုင်က “တကယ်ကတော့ ပြည်သူတွေ မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အကြောင်းအချက် ဘယ်လိုမှ မပြည့်စုံပါဘူး။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ သို့သော် သူတို့လည်း စစ်ကောင်စီနည်းတူ တခြားထွက်ပေါက် မရှိတဲ့အလျောက် ဒီကောင်စီရဲ့လုပ်ငန်းစဉ်ထဲမှာ သူတို့ တတ်နိုင်သလောက် ပါဝင်နေကြတာပါ ”လို့ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဖြစ်တဲ့ မဲစာရင်းအကြောင်းပြ လူဦးရေစာရင်း စစ်ဆေးတာ လုပ်ခွင့်ရတဲ့အတွက် ဟန်ပြလုပ်နေတဲ့ UEC အတွက် အကျိုးမရှိပေမဲ့ စစ်ကောင်စီရဲ့ လုံခြုံရေး လုပ်ငန်းစဉ်အတွက် အကျိုးရှိလို့ တွန်းလုပ်နေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ခဏခဏပြောနေပေမဲ့ အာဏာသိမ်းကာလ ၂ နှစ်ခွဲကျော်ရှိ လာတဲ့အထိ ဘယ်တော့ ကျင်းပမယ်ဆိုတဲ့ အရိပ်အယောင်ကို တရားဝင်ထုတ်ပြောတာ မရှိသေးပါဘူး။

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024