
ဘရာဇီးနိုင်ငံမြို့တော် ရီယိုဒီဂျနေးရိုးမှာ အောက်တိုဘာ ၂၃ ရက်က ဘတ်စ်ကား ၃၅ စီးထက်မနည်းကို ရာဇဝတ်ဂိုဏ်းတွေက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဘတ်စ်ကားကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ လုပ်ငန်းအုပ်စုက ပြောပါတယ်။
ရဲတပ်ဖွဲ့က လူဆိုးဂိုဏ်းနှိမ်နင်းရေး စစ်ဆင်ရေးတခုမှာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တဦးကို သတ်ဖြတ်ခဲ့ပြီးနောက်မှာ ခုလို ဘတ်စ်ကားတွေ မီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။
Rio Onibus မော်တော်ယာဉ်လုပ်ငန်းအဖွဲ့က “မီးရှို့ခံရတဲ့ ဘတ်စ်ကားတွေထဲက အစီး ၂၀ ဟာ မြို့တွင်းပြေးဆွဲ ဘတ်စ်ကားတွေဖြစ်ကြပြီး ၅ စီးကတော့ မြို့တော်ရဲ့ အမြန်ယာဉ်အုပ်စုထဲက ဖြစ်ပါတယ်။ ကျန်တာတွေကတော့ စင်းလုံးငှား ဒါမှမဟုတ် ခရီးသွားဘတ်စ်ကားတွေ ဖြစ်တယ်” လို့ ပြောပါတယ်။
နယ်မြေထိန်းချုပ်ရေးအတွက် ပြိုင်ဘက်ရာဇဝတ်ဂိုဏ်းတွေ တိုက်ခိုက်နေကြတဲ့ မြို့တော်အနောက်ဘက်မှာ ဘတ်စ်ကားတွေကို စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့ ပြောကြားချက်အရ ပြည်နယ်ရဲ့ အကြီးဆုံး ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တူဖြစ်သူ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတခုအတွင်း သေဆုံးသွားပြီးနောက် အခုဖြစ်ရပ် ပေါ်ပေါက်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။
ရီယိုရဲ့ ပြည်သူ့စစ် အဖွဲ့တွေဟာ လက်ရှိနဲ့ အရင် ရဲအရာရှိတွေနဲ့ ဖွဲ့စည်းထားတာကြောင့် ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုတွေထဲက တခု ဖြစ်လာခဲ့ပါတယ်။
အစဦးပိုင်းကတော့ မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ အနှောင့်အယှက်ပေးတာ ခံနေရတဲ့ ဆင်းရဲသားရပ်ကွက်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးတပ်ဖွဲ့တွေအဖြစ် ထူထောင်ခဲ့ပေမဲ့ အခုတော့ အမျိုးမျိုးသော ရာဇဝတ်လုပ်ငန်းတွေမှာ ပါဝင်လည်ပတ်နေတဲ့ ရာဇဝတ်သားတွေအဖြစ် ပျံ့နှံ့သွားပြီလို့ ဆိုပါတယ်။
Source/Photo-Reuters










