Home
မြန်မာသတင်း
အွန်လိုင်းအလိမ်ခံရသော ထိုင်းကျောင်းသူ သတ်သေမှုတွင် မြန်မာ ၁ ဦး  ဆက်နွှယ်ပတ်သက်
DVB
·
October 23, 2023

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ထိုင်းဆယ်ကျော်သက် အထက်တန်းကျောင်းသူ ၁ ဦး အွန်လိုင်းမှာ အလိမ်ခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ပါဝင်ပတ်သက်သူတွေ လိုက်လံစုံစမ်းရာမှာ မြန်မာနိုင်ငံသား ၁ ဦး အဓိက ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင်က ထိုင်းတောင်ပိုင်း၊ နခွန်းဆီထမရတ်ခရိုင်၊ ကော်ထွတ်မြို့နယ်က နောင့်ဖလွဲ ဆိုသူ ကျောင်းသူလေးဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ကြော်ငြာရောင်းချနေတဲ့ iphone 13 အမျိုးအစား တယ်လီဖုန်းကို ငွေအရစ်ကျနဲ့ ဝယ်ဖို့ မှာယူခဲ့ပါတယ်။ 

သူဟာ တယ်လီဖုန်းဖို့ ကျသင့်ငွေ ဘတ် ၂၀၀၀၀ နီးပါး လွှဲပေးခဲ့ပေမဲ့ ဖုန်းက ရောက်မလာတဲ့အပြင် ဖေ့စ်ဘွတ်ခ်အကောင့်ပါ ပိတ်သွားပြီး ဆက်သွယ်လို့မရတော့တာကြောင့် အလိမ်ခံရမှန်းသိကာ စိတ်ဖိစီးပြီး အောက်တိုဘာ ၁၇ ရက်က မိဘအုပ်ထိန်းသူထံ စာတစ်စောင် ရေးခဲ့ကာ အိပ်ခန်းထဲမှာ ဆွဲကြိုးချ အဆုံးစီရင်ခဲ့ပါတယ်။

အဆိုပါစာထဲမှာ ဖုန်းဝယ်ဖို့ အလိမ်ခံရတဲ့အကြောင်း၊ စိတ်ဖိစီးမှုမခံနိုင်လို့ လောကကြီးကို စွန့်ခွာပြီ၊ တယ်လီဖုန်းဝယ်ဖို့ သူငယ်ချင်း ၃ ယောက်ဆီမှာ ငွေတွေ ချေးငှားထားတာ ပြန်ဆပ်ပေးဖို့၊ သမီးကို ခွင့်လွှတ်ဖို့၊ အမေကို ရှိခိုးကန်တော့ကြောင်း ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးရာမှာ အဆိုပါဖုန်းဆိုင်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က Hannah ( H ) ဖုန်းအရောင်းဆိုင်ကလို့ ဆိုပေမဲ့ နယ်မြေထဲ သွားရောက်စစ်ဆေးရာမှာတော့ စားသောက်ဆိုင်အဟောင်းတစ်ခုသာ ဖြစ်ပြီး လူမှုကွန်ရက်မှာ ကြော်ငြာထားတဲ့ပုံကလည်း ဖိုတိုရှော့ပ်နဲ့ လုပ်ထားတာလို့ ဆိုပါတယ်။ 

ကျောင်းသူလေး ငွေလွှဲထားတဲ့ ဘဏ်အကောင့်ပိုင်ရှင်ဟာ ထိုင်းအလယ်ပိုင်း အန်ထောင်းခရိုင် ချိုင်းယဖုမ်းမြို့နယ်မှ ဒေါက်ကယောက်ဆိုသူ မိန်းကလေး တဦးဖြစ်ပြီး သူကတော့ လိမ်လည်မှု ကိစ္စမသိရဘဲ အခကြေးငွေ ဘတ် ၃၀၀ နဲ့ တခြားသူကို ဘဏ်အကောင့်ဖွင့်ပေးခဲ့တယ်လို့ ပြောပါတယ်။

အလားတူ ငွေလိမ်ခံရသူ ၃ ဦးကလည်း သူတို့ဟာ Jane Shop Mobile အမည်ရှိ အွန်လိုင်းဖုန်းဆိုင်ကနေ ဖုန်းဝယ်ခဲ့တယ်၊ ငွေကို ဒေါက်ကယောက်အမည်နဲ့ပဲ လွှဲပေးပြီး နောက်ဆုံး တယ်လီဖုန်းမရတဲ့အပြင် ဖေ့စ်ဘွတ်ခ်အကောင့်ပါ ပိတ်သွားတယ်လို့ တိုင်ကြားထားပါတယ်။

ဒေါက်ကယောက် အမည်နဲ့  တခြားသူထံ ငွေတွေ တဆင့်ပြီးတဆင့်လွှဲပြောင်းရာမှာ ဘဏ်စာရင်း အမည်ပိုင်ရှင် ၅ ဦးကို ဖမ်းထားပြီး ပါဝင်ပတ်သက်သူမှာတော့ စုစုပေါင်း ၇ ဦး ရှိ ကြောင်း၊ ထိုင်းနိုင်ငံသား ၆  ဦးနဲ့ နိုင်ငံခြားသား ၁ ဦး ပါတယ်၊ ထိုင်းနိုင်ငံသား ၁ ဦးက ထွက်ပြေး လွတ်မြောက်နေပြီး နောက်နိုင်ငံခြားသား ၁ ဦးက တဘက်အိမ်နီးချင်းနိုင်ငံကလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးရမိထားသူ ၅ ဦးအနက် ၃ ဦးကို တာချီလိတ်နဲ့ မျက်နှာချင်းဆိုင် မယ်ဆိုင်မြို့မှာ ဖမ်းဆီးရမိပြီး အသက် ၁၈ နဲ့ ၁၉ ရှိလူငယ် ၂ ဦး ပါဝင်ကြောင်း၊ ဘဏ်ကနေ တဆင့်ပြီးတဆင့် လွှဲခဲ့ကြပြီး နောက်ဆုံး ငွေသားထုတ်ယူသွားသူမှာ တာချီလိတ်ဘက်က လာတဲ့ မြန်မာနိုင်ငံသား ၁ ဦး ဖြစ်တယ်၊ အဆိုပါမြန်မာနိုင်ငံသားမှာ ဘဏ်စာရင်းမရှိပေမဲ့ တခြားဘဏ်စာရင်းရှိတဲ့သူကို ငွေပေးပြီး ထုတ်ခိုင်းတယ်၊ နောက်ဆုံးအကြိမ် ငွေထုတ်သွားတာ အောက်တိုဘာ ၁၅ ရက်ဖြစ်ပြီး ၁ လအတွင်း ငွေဘတ် ၁၀,၀၀၄,၀၀၀ (တစ်သန်းကျော်) ထုတ်သွားတယ်လို့ ဆိုပါတယ်။ 

အဆိုပါမြန်မာနိုင်ငံသားကို ဖမ်းဆီးရမိဖို့ ထိုင်းနိုင်ငံ ဆိုင်ဘာရဲတပ်ဖွဲ့ကနေ မြန်မာရဲတပ်ဖွဲ့ထံ အကြောင်းကြားထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ကိုးကား - mgronline

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024