DVB Logo
Home
မြန်မာသတင်း
ပန်းဂေါ်ဖီနှင့် အာလူးစိုက်တောင်သူများ အရှုံးပေါ်၊ မြန်မာဖရဲ တရုတ်အဝယ်နည်း 
DVB
·
October 21, 2023
ပန်းဂေါ်ဖီနှင့် အာလူးစိုက်တောင်သူများ အရှုံးပေါ်၊ မြန်မာဖရဲ တရုတ်အဝယ်နည်း 
1 / 5
Donate to DVB

ဒီတပတ်အတွင်း ဈေးကွက်သတင်းတွေမှာတော့ ကွမ်းသီးခြောက်တွေ အဝယ်မရှိ၊ ဈေးမရသလို ပန်းဂေါ်ဖီနဲ့ အာလူးတွေလည်း ဈေးကောင်းမရလို့ စိုက်တောင်သူတွေ အရှုံးပေါ်ပြီး ဖရဲသီးလည်း တရုတ်နယ်စပ်မှာ ဈေးကောင်းမရဖြစ်နေပါတယ်။

ရေးကွမ်းသီးခြောက် ဝယ်သူမရှိဘဲ ဈေးနှိမ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်ထွက် ကွမ်းသီးအခြောက်တွေကို ဈေးကွက်မှာ အရောင်းအဝယ် မရှိတာကြောင့် ကွမ်းသီးစိုက်တောင်သူတွေမှာ ဈေးလည်းမရကြဘူးလို့ သိရတယ်။

ကွမ်းသီးစိုက် တောင်သူတယောက်က “အခု ကွမ်းသီးအဝယ်ဒိုင်တွေလည်း အရောင်းအဝယ် မလုပ်ကြဘူး။ ရောင်းဖို့က မဝယ်ကြတော့ ငွေက မရကြတော့ ကွမ်းသီးခြံနဲ့ မှီခိုလုပ်ကိုင်နေတဲ့သူတွေက ဘယ်လို ဆက်လက်ရပ်တည်ရမလဲ” လို့ ပြောပါတယ်။

တချို့နယ်ကုန်သည်တွေက ကွမ်းသီးစျေးကို ကျပ် ၂၀၀၀ ပဲပေးပြီး စျေးနှိမ့်ဝယ်ယူတာကြောင့် ခြံရှင်တွေအများကြီးနစ်နာခဲ့တယ်လို့ ခြံသမားတယောက်က ပြောပါတယ်။

ကွမ်းသီးအဝယ်ဒိုင်တယောက်က “အခု ပြည်တွင်းမှာက ကွမ်းသီးပွဲရုံတွေက နယ်အော်ဒါ ရှိမှ ဝယ်ကြတာ။ ဝယ်ယူသိုလှောင်ဖို့က ကွမ်းသီးကို များများ မရင်းနှီးမြှုပ်နှံကြတော့ဘူး။ ပြည်ပဘက် နယ်စပ်ဘက်တွေလည်း လမ်းတွေပိတ်ထားတော့ ကွမ်းသီးတင်ပို့မရတော့ အရောင်းအဝယ်က မရှိသလောက်ပဲ” လို့ ပြောပါတယ်။

ရေးကွမ်းသီးအခြောက်ဟာ စစ်တပ်အာဏာသိမ်းပြီးကာလအတွင်းမှာ တပိဿာကို စံချိန်တင်စျေး ကျပ် ၁၀,၀၀၀ ကျော်အထိ ရခဲ့ပေမဲ့ အခုအချိန်မှာ စျေးက ၂,၀၀၀ ကျပ်သာ ရကြပြီး ဝယ်မဲ့အဝယ်ဒိုင်တွေကပါ အရောင်းအဝယ်မလုပ်ကြဘူးလို့ သိရပါတယ်။

ရေးဒေသမှာ ကွမ်းသီးတန်ချိန် ၁ သိန်းကျော်လောက်ထွက်ရှိပြီး ပြည်တွင်းအပြင် အိန္ဒိယ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံတို့က အဓိက ဝယ်ယူကြပါတယ်။

တရုတ်နယ်စပ်တွင် မြန်မာ့ဖရဲ အဝယ်နည်းပြီး ဈေးကောင်းမရဖြစ်နေ

တရုတ်ဖရဲရာသီ ရောက်ရှိလာတာကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေးဂိတ်တခုဖြစ်တဲ့ မူဆယ်‌ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာဖရဲကားတွေ အဝင်နည်းနေပြီး ဈေးကောင်းလည်း မရဘူးလို့ သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

တရုတ်ဘက်ကို တင်ပို့နေတဲ့ မြန်မာဖရဲသီးတွေဟာ တတန်ကို တရုတ်ယွမ် ၁,၀၀၀ ကနေ ၁,၂၀၀ အထိပဲရပြီး အရင်နှစ်တွေက တတန်ကို တရုတ်ယွမ် ၂,၀၀၀ ကနေ ၃,၀၀၀ အထိ ရရှိခဲ့ပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်တာဝန်ခံ ဒေါ်ရီရီခိုင်က “တရုတ်ဘက်က ဖရဲအကြားအသီး ထွက်တဲ့ရာသီဖြစ်တော့ ဒီဘက်က ဈေးကောင်းမရဘူးဖြစ်‌နေတယ်။ သူတို့ကလည်း သူတို့ အသီးကိုပဲ ဦးစားပေးကြတော့ မြန်မာအသီးက အဝယ်နည်းသွားတယ်။ နောက်ပြီး လတ်ဆတ်မှုလည်း ကွာသေးတယ်။ မြန်မာအသီးကျတော့ လမ်းခရီး ကြန့်ကြာမှု တွေကလည်း ဟိုရောက်ရင် သိပ်မလတ်ဆတ်တော့ဘူး။ အဓိက ကတော့ သူတို့ဘက်က ထွက်၊ ကိုယ့်ဘက်ကလည်း အသီးမလှိုင်သေးတော့ ဝယ်မယ့်တရုတ်ကုန်သည်တွေ နည်းနေတာ။ နောက်ပြီး ဒီဈေးနဲ့က ကားသမားတွေက လမ်းစရိတ်ပဲပြန်‌ရတော့ တက်တာ နည်းသွားတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ကျောက်စိမ်းဖရဲကားတွေ တနေ့ကို တစီးလောက်ပဲ အဝင်ရှိနေပြီး အရင်က တနေ့ကို ကား ၁၀ စီးထက်မနည်း အရောင်းအဝယ် ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နယ်စပ်ကို ဖရဲတင်ပို့တဲ့စရိတ်က များပြားပြီး ဈေးကောင်းမရတာကြောင့် ကုန်သည်တွေ အရှုံးပေါ်နေတယ်လို့ ဖရဲကုန်သည်တယောက်က ပြောပါတယ်။

“တတန်ကို ယွမ် ၁,၀၀၀ ဆိုတာ သယ်ယူစရိတ်ပဲရှိတာ။ ကားတစီးကို ၁၅ တန်ပါတယ်။ ပယ်သီး ၁ တန် ဖယ်လိုက်ရင် ၁၄ တန်ကျန်မယ်။ ၁ တန်ကို ယွမ် ၁,၀၀၀ အများဆုံးမှ ၁,၂၀၀ လောက်ပဲရတာ။ ကားတစီးဆိုရင် သိန်း ၇၀ လောက်ပဲရတာ။ နယ်စပ်ရောက်တဲ့အထိ စရိတ်ကပဲ သိန်း ၇၀ လောက် ပြန်ကုန်နေတော့ ဖရဲဖိုးလည်းရှုံး၊ လူလည်းပင်ပန်းတာပဲ အဖတ်တင်တယ်။ တော်တော်များများတော့ ခဏ နားထားကြပါတယ်။ တချို့တွေထင်နေတာက ဖရဲတောင်သူတွေရှုံးပြီး ကုန်သည်တွေပဲ မြတ်နေတယ်ဆိုတာ အဲဒါအမှားကြီးပါ။ တောင်သူတွေထက်တောင် ကျနော်တို့က ပိုရှုံးနေတာ” လို့ ပြောပါတယ်။

၂၀၂၃ ဇန်နဝါရီမှ ဩဂုတ်အထိ တရုတ်နိုင်ငံကို ဖရဲတန်ချိန် ၁၁၀,၀၀၀ ကျော် တင်ပို့ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီမှာ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကို အကြောင်းပြပြီး နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်တာ​ကြောင့် ဖရဲသီးတွေပျက်စီးပြီး မြန်မာဖရဲသီး ကုန်သည်တွေ အများအပြား ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ စုစုပေါင်း ဖရဲသီးစိုက်ဧက ၆၃,၈၈၅ ရှိပြီး စုစုပေါင်းအထွက်နှုန်းကတော့ တန်ချိန် ၁,၂၆၉,၄၇၉ လောက် ထွက်ရှိပါတယ်။

မြန်မာပြည်မှာ ဖရဲသီးကို မန္တလေး၊ မြင်းခြံ၊ ဝမ်းတွင်း၊ ကျိုက်ထို၊ ဘီးလင်းနဲ့ ချောင်းဦးမြို့နယ်တို့မှာ အဓိက စိုက်ပျိုးပါတယ်။

ပန်းဂေါ်ဖီဈေးကောင်းမရသဖြင့် စိုက်တောင်သူများ အရှုံးပေါ်

ပန်းဂေါ်ဖီဟာလည်း ဒီတပတ်အတွင်းမှာ အဝယ်မရှိတာကြောင့် ‌ဈေးကောင်းမရဘဲ စိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

ပန်းဂေါ်ဖီ ခေါ် ပန်းမုန်လာ ခေါ် ပန်းပွင့် ဈေးနှုန်းဟာ ခြံဖြတ်ဈေး တထုပ်ကို ကျပ် ၇၀ ကနေ ကျပ် ၉၀ ပဲရှိပြီး ဇူလိုင်လနဲ့ယှဉ်ရင် ကျပ် ၈၀၀ နီးပါး ဈေးကျဆင်းခဲ့ပါတယ်။

ဇူလိုင်အကုန်က ရာသီဥတုအခြေအနေတွေကြောင့် အာရှလမ်းပျက်စီးပြီး နယ်စပ်ကို ပန်းဂေါ်ဖီကားတွေမထွက်တာကြောင့် စိုက်တောင်သူတွေ အရှုံးပေါ်‌ခဲ့ပေမဲ့ လမ်းပန်း ဆက်သွယ်ရေး ပြန်ကောင်းရင် ဈေးပြန်ကောင်းလာနိုင်မယ်လို့ မျှော်လင့်ချက်နဲ့ ထပ်ပြီး စိုက်ပျိုးခဲ့ပေမဲ့ ဈေး‌ကောင်းမရတာကြောင့် ထပ်ပြီး အရှုံးပေါ်ခဲ့တယ်လို့ ပင်းတယဒေသခံ ပန်းဂေါ်ဖီစိုက် တောင်သူတယောက်က ပြောပါတယ်။

“အာရှလမ်းမပျက်ခင်က ဈေးတော်တော်ကောင်းတယ်၊ ၁ ပိဿာ ၅၀ သား တထုပ်ကို ၉၀၀ နီးပါးအထိ ရခဲ့တာ။ အဲအချိန် ဈေးကောင်းရတယ်ဆိုပြီး ထပ်စိုက်ကြတာ။ လမ်းပျက်ပြီး ဈေး ၁၀ ဆလောက် ကျသွားရော။ လမ်းပြန်ကောင်းပြီး ၁၀ လပိုင်းလောက် ဈေးပြန်‌ကောင်းလာမယ်ဆိုပြီး မျှော်လင့်ခဲ့ပေမဲ့ အခုထိ မကောင်းသေးဘူး။ တချို့ အခင်းတွေဆို ဝယ်မယ့်သူတောင် မရှိပါဘူး။ စိုက်စရိတ်က တဧကကို သိန်း ၂၀ ကျော် ၃၀ နီးပါး ကုန်ပေမဲ့ ၁၀ သိန်းတောင် ပြန်မရပါဘူး” လို့ ပြောပါတယ်။

ပန်းဂေါ်ဖီဟာ ပြည်တွင်းက အဝယ်ရှိနေပေမဲ့ ဇူလိုင်လကနဲ့ယှဉ်ရင် ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိတော့တယ်လို့ အောင်ပန်းမြို့နေ ကုန်‌စိမ်းရောင်းဝယ်သူတယောက်က ပြောပါတယ်။

“အရင်က တနေ့ကို ရှမ်းတောင်‌ အောင်ပန်းကနေ ပန်းပွင့်ကား တနေ့ကို အနိမ့်ဆုံး ၁၂ ဘီးကား ၁၀ စီးထွက်တယ်။ နယ်စပ်က အဝယ်များရင်တော့ ၁၅ စီးကျော်အထိ ထွက်တာ။ အခုဆို တနေ့တစီးလောက်ပဲ ထွက်တာ။ ရှမ်းတောင်ပန်းပွင့်အထွက်အားက တနေ့ကို ကုန်ချိန် ၁ သိန်းကျော်ပေမဲ့ အခုရောင်းအားက တနေ့ကို ကုန်‌ချိန် ၁ သောင်းလောက်ပဲရှိတော့ ကုန်သည်တွေလည်း တောင်သူတွေက အဝယ်မရှိတော့လို့ တောင်သူတွေ အရှုံးပေါ်တာပါ” လို့ ပြောပါတယ်။

ပန်းဂေါ်ဖီကို ရှမ်းပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ နောင်တရား၊ တီကျစ်၊ ကလော၊ အောင်ပန်း၊ ပင်းတယနဲ့ ရွာငံဒေသတို့မှာ အဓိက စိုက်ပျိုးပြီး ကချင်ပြည်နယ်၊ မိတ္ထီလာနဲ့ ချင်းတွင်းမြစ်ရိုး အရှေ့ဘက်ကမ်း ကျေးရွာတွေမှာလည်း စိုက်ပျိုးပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရား ဒေသမှာ မိုးများတဲ့အတွက် တောင်သူတွေစိုက်ပျိုးထားတဲ့ ချင်း(ဂျင်း)တွေကို အချိန်မတန်သေးဘဲ တူးနေရပြီး အခက်အခဲတွေ ကြုံနေရပါတယ်။

အာလူးစိုက်တောင်သူများ အရှုံးပေါ်

ပြည်တွင်းဈေးကွက်ထဲ တရုတ်အာလူးတွေ အဝင်များလာတာနဲ့ ပြည်ပဝယ်လက် မရှိတာကြောင့် အာလူးစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ စိုက်တောင်သူတွေက ပြောပါတယ်။

ဒေသထွက်အာလူး တောင်သူရောင်းဈေးဟာ ဩဂုတ်လက ၁ ပိဿာကို ကျပ် ၂,၅၀၀ အထိ ရှိခဲ့ပေမဲ့ အောက်တိုဘာ ၁၉ ရက် ဈေးနှုန်းအရ ၁ ပိဿာကို ကျပ် ၁,၂၀၀ အထိ ကျဆင်းခဲ့ပါတယ်။

အာလူးဈေးကောင်းမရတာကြောင့် မရောင်းချတော့ဘဲ နောက်နှစ်အတွက် မျိုးအဖြစ်သာ ပြန်ထားလိုက်တယ်လို့ ပင်းတယရှိ အာလူးစိုက်တောင်သူတဦးက ပြောပါတယ်။

“ပထမတသုတ်ရောင်းတုန်းက တော်တော်မြတ်တယ်။ အခုတသုတ်တော့ ခွက်ခွက်လန်ကို ရှုံးတာ။ ရှုံးမယ့်တူတူတော့ ‌မရောင်းတော့ဘဲ မျိုးပဲထားလိုက်တော့တယ်။ အရင်က မြေဩဇာတအိတ်ကို ၁၈,၀၀၀ လောက်ပဲရှိတော့ အာလူးဈေး ၁,၀၀၀ ဆိုတောင် အမြတ်ကျန်သေးတယ်။ အခုက မြေဩဇာတအိတ် ၉၀,၀၀၀ ဖြစ်နေပြီဆိုတော့ အာလူးဈေး ၂,၀၀၀ အထက်မှ အဆင်ပြေမှာ။ အဓိက တရုတ်အာလူးတွေက ဈေးတော်တော်ဝင်လို့ပါ။ ရှမ်းတောင်မှာတောင် ဒေသထွက်အာလူးနဲ့စာရင် တရုတ်အာလူးပဲ အစားများကြတယ်။”

တောင်သူတွေအနေနဲ့ ဒေသထွက်အာလူးတွေကို ပြည်ပပို့နိုင်တဲ့ စံချိန်စံနှုန်းနဲ့ ပြည့်မီအောင် စိုက်ပျိုးသင့်သလို နယ်စပ်ကုန်သွယ်ရေး အာဏာပိုင်တွေကလည်း တရုတ်အာလူးတွေကို ထိန်းသိမ်းသင့်တယ်လို့ စိုက်ပျိုးရေးဌာန ဝန်ထမ်းတဦးက ပြောပါတယ်။

“ရှမ်းတောင်ကထွက်တဲ့ အာလူးတွေက အများအားဖြင့် အရည်အသွေး မပြည့်မီဘူး။ အဲ့ဒါကလည်း တောင်သူ‌‌တွေကြောင့်ပဲ မဟုတ်ဘူး။ ဈေးကောင်းမရတော့ မြေဩဇာလျေှာ့ထည့် ဂရုမစိုက်ဖြစ်တာပေါ့။ တကယ်လို့ အရည်အသွေးကောင်းလာရင်တော့ ချင်း(ဂျင်း)၊ ကြက်သွန်တို့လို ပြည်‌ပဈေးကွက် အဝယ်လိုက်နိုင်ပါတယ်။ ဒီလို ပြည်ပတင်ဖို့နိုင်ဖို့ကလည်း နယ်စပ်ကုန်သွယ်ရေး အာဏာပိုင်တွေအနေနဲ့ တရုတ်အာလူးကို ကန့်သတ်နိုင်ဖို့လိုမယ်။ အဲ့ဒါမှ တောင်သူတွေအတွက် အဆင်ပြေနိုင်မှာ။”

မြန်မာနိုင်ငံမှာ အာလူးကို ရှမ်းပြည်နယ်မှာ ရေသွင်းစိုက်ပျိုးတဲ့ ရေအာလူးနဲ့ ကုန်းတွင်းပိုင်းမှာ စိုက်ပျိုးတဲ့ မိုးအာလူးလို့ အဓိကစိုက်ပျိုးကြပြီး ဧရာဝတီ၊ မန္တလေးနဲ့ မကွေးတိုင်းဒေသတို့က ကျွန်းမြေနဲ့ သဲချောင်းတွေမှာလည်း စိုက်ပျိုးကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013