ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်ကို သယ်ဆောင်လာတဲ့ အာလူးအိတ် ၇၆၀ ကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်(BCG)က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။
နိုင်အာခါလီခရိုင်ကနေ အာလူးအိတ် ၇၆၀ တင်ဆောင်လာတဲ့ မော်တော်ဘုတ် ၂ စင်းကို မတ် ၂၀ ရက်နေ့က ဟတီယာကျွန်းနားမှာ ကမ်းခြေစောင့်တပ်က ဖမ်ဆီးလိုက်တာဖြစ်ပြီး ကုန်ပစ္စည်းပိုင်ရှင်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ BCG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတပ်မှူး အလမ်ဆူဇမ်က ပြောကြားခဲ့ပါတယ်။
အခုဖမ်းဆီးခံလိုက်ရတဲ့ အာလူးအိတ်တွေရဲ့ တန်ဖိုးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ကာတာငွေ ၅၇၀,၀၀၀ လောက် တန်ဖိုးရှိတယ်လို့ BCG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဟာ ရွေးကောက်ပွဲမကျင်းပခြင်းကတည်းက ရခိုင်သို့ပို့မဲ့ ပို့ကုန်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးလာတာကြောင့် ကုန်သွယ်ဖို့ ခက်ခဲလာတယ်လို့ မောင်တောမြို့နယ်က မွတ်ဆလင်ကုန်သည်တယောက်က ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဘက်က ရွေးကောက်ပွဲကာလကတည်းက ရခိုင်ဘက် ပို့ကုန်တွေကို ဆက်တိုက် ဖမ်းဆီးမှုတွေကို ပြုလုပ်လာတာရှိတယ်။ အထူးသဖြင့် ရေကြောင်းကနေ ကုန်သွယ်မှုတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးမှုတွေ ပြုလုပ်လာတာ ရှိတယ်။ ဒီလို ဖမ်းဆီးမှုတွေကြောင့် ကုန်သွယ်မှုပြုလုပ်ဖို့ ခက်ခဲလာပြီး ကုန်သွယ်မှု ကျဆင်းလာနေတယ်” လို့ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စားသောက်ကုန်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ စက်သုံးဆီတွေကို ရခိုင်ပြည်သို့ အဓိက တင်သွင်းနေကြတာ ဖြစ်ပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက ရခိုင်ပြည်ကို ကုန်သွယ်ခွင့် စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် အိမ်းနီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နဲ့ ကုန်သွယ်နေကြရတာပါ။
ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ရေကြောင်း၊ ကုန်လမ်းတို့ကနေ ကုန်သွယ်နေကြတာဖြစ်ပြီး ရေလမ်းက ပို့ဆောင်တဲ့ ကုန်ပစ္စည်းတွေကို အခွန်မဆောင်တာကြောင့် မကြာခဏ ဖမ်းဆီးခံနေရတာပါ။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်ကို တင်ပို့နဲ့ ဘိလပ်မြေအိတ် ၁,၁၄၀၊ ပဲအိတ် ၅၀၊ အာလူးအိတ် ၂၀ နဲ့ အချိုရည်မျိုးစုံ တင်ဆောင်လာတဲ့ မော်တော်ဘုတ် ၂ စင်းနဲ့ ကုန်သည် ၁၉ ယောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။










