DVB Logo
Home
မြန်မာသတင်း
မြောင်မြို့၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး၊ ရေးမြို့ စကခ ၁၉ စစ်ဌာနချုပ် တိုက်ခိုက်ခံရ
DVB
·
October 20, 2023
မြောင်မြို့၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး၊ ရေးမြို့ စကခ ၁၉ စစ်ဌာနချုပ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့ကနေ စက်လှေနဲ့ကူးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ခဲ့တယ်လို့ Myaung Special People Defence Force -MSPDF ရဲ့ အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာ ရေစကြိုမြို့မှ စက်လှေနဲ့ကူးလာတဲ့ စစ်ကောင်စီတပ် အင်အား ၉၀ ပါ စစ်ကြောင်းကို ညနေပိုင်းက မြောင်မြို့နယ် ဆင်လှောင်ရွာနဲ့ ငါးပယ်ရွာကြားမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ချိန် ၄၅ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီး တိုက်ပွဲပြီးချိန်မှာ အဆိုပါစစ်ကောင်စီတပ်နဲ့ပဲ ဇီးကျွန်းကျေးရွာသွားတဲ့လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

“ရေစကြိုနဲ့ မြောင်နယ်အစပ်က နီးပါတယ်။ တိုက်ပွဲပြီးတော့ စစ်ကောင်စီက ဇီးကျွန်းသွားတဲ့အချိန် ရှေ့ဆင့်နောက်ဆင့်ပေါ့” လို့ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄- MSPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် မနက်မှာ ဇီးကျွန်းမှ ငါးပယ်ရွာကို ပြန်ထွက်လာတဲ့ အင်အား ၇၀ ဝန်းကျင်ရှိ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့က အသင့်စောင့်ဆိုင်းကာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့်ရှိပြီး တော်လှန်ရေးအင်အားစုဘက်က စူဆိုက်ဒရုန်းနဲ့ ဗုံး ၄ လုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းမှာ ရေစကြိုကလာတဲ့ စစ်ကောင်စီတပ်ကို နနွင်းကိုင်းရွာ သုသာန်အနီးမှာ ၂ ကြိမ်၊ သနပ်ကုန်းကျေးရွာ တောင်ဘက်မှာ ၂ ကြိမ် စုစုပေါင်း ၄ ကြိမ် ဒရုန်းနဲ့ ဗုံးကြဲ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

MSPDF ပြောရေးဆိုခွင့်ရှိသူက “ကျောက်ရစ်ကကောင်တွေက ခေါင်းကွဲကျေးရွာကနေ ဇီးကျွန်းကို လာတာပါ။ ခေါင်းကွဲရွာ ဘုန်းကြီးကျောင်းကို သိန်း ၁၈၀ ပေးရင် ကျောင်းကို မီးမရှို့ဘူးပြောတယ်။ အဲ့ ၁၈၀ က ဒီတခါပဲမရှို့မှာ၊ နောက်တခါဆို အာမမခံဘူးတဲ့။ အဲ့ဒါကြောင့် ဘုန်းဘုန်းက မပေးလိုက်ဘူး။ ခေါင်းကွဲကို ၁၂ ရက်နေ့က မီးရှို့လိုက်တယ်” လို့ ‌ပြောပါတယ်။

အဆိုပါဖြစ်စဥ်တွေမှာ စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရကာ တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

အဆိုပါထိတွေ့မှုတွေကြောင့် ဒေသခံရွာသားတွေလည်း ၆ ရက်ခန့် စစ်ရှောင်ခဲ့ရပါသေးတယ်။

အဲဒီစစ်ဆင်မှုတွေမှာ စစ်ကိုင်းခရိုင် အမှတ်-၄ တပ်ရင်း-MSPDF (MSDF)၊ မြင်းခြံခရိုင် အမှတ်-၃ တပ်ရင်း-မြေလတ်PDF တပ်ခွဲ-၁၊ မြင်းခြံခရိုင် အမှတ်-၃ တပ်ရင်း- Seven PDF တပ်ခွဲ-၃၊ မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု၊ မြင်းခြံခရိုင် အမှတ်-၁ တပ်ရင်း-27 Revolution Force၊ မြင်းခြံခရိုင် အမှတ်-၈တပ်ရင်း - NRDF၊ မြင်းခြံပကဖ၊ အညာမြေ LPDF၊ MGN35၊ မြင်းခြံ Black Tiger၊ မြောင်ဗိုလ်တောက်ထွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-MBTT၊ မြင်းခြံ ဒရုန်းတပ်ဖွဲ့နဲ့ CDSOM စတဲ့ မဟာမိတ် ၁၃ ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အောက်တိုဘာ ၂၀ ရက် မနက် ၆ နာရီ ၂၀ မိနစ်က ရေး PDF တွေက လက်နက်ကြီးနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် ရန်ကုန်-ရေး-ထားဝယ်-မြိတ် ရေးမြစ်ကူးတံတားနေရာမှာ စစ်ကောင်စီ လုံခြုံရေးစစ်ဆေးရေးဂိတ်မှာ ဒေသကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲက မိနစ်အနည်းငယ်ကြာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်စလုံးရဲ့ ထိခိုက်မှုအခြေအနေကို သိရှိနိုင်ဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီ စစ်ဌာနချုပ်ထဲကို အရေးပေါ် လူနာတင်ယာဥ် ၂ စီး မောင်းဝင်သွားတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဘယ်သူမှ အသွားအလာ မလုပ်ရဲကြသလို တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013