
ချင်းပြည်နယ်၊ မတူပီမြို့နဲ့ ထန်တလန်မြို့မှာ အခြေစိုက်ပြီး လောက်တူမျိုးနွယ်စုတွေ ဖွဲ့စည်းထားတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-လောက်တူ (CDF-Lautu) ရဲ့ ဗျူဟာမှူးဟောင်း ဆလိုင်းအိုက်ဇက်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အောက်တိုဘာ ၁၉ ရက် မနက် ၈ နာရီမှာ ကွယ်လွန်သွားပါတယ်။
အသက် ၃၃ နှစ်အရွယ် ဆလိုင်းအိုက်ဇက် (Bawi Tin Thang) ဟာ လက်ရှိ မူဝါဒရေးဆွဲရေးကော်မတီ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေတဲ့ ရဲဘော်တယောက်ဖြစ်ပြီး ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ CDF-Lautu ထံက သိရပါတယ်။
ဆလိုင်းအိုက်ဇက်ဟာ အရင်က စိုက်ပျိုးရေးဌာနက CDM ဝန်ထမ်းတဦးဖြစ်ပြီး တော်လှန်ရေးကာလ စတင်ကတည်းက ဗျူဟာမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ မူဝါဒရေးဆွဲရေးကော်မတီ အတွင်းရေးမှူးတာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
CDF-Lautu တာဝန်ခံက “သူက အစကတည်းက ရောဂါအခံရှိတယ်။ အမြဲတမ်း ဆေးသောက်ရတယ်။ တော်လှန်ရေးထဲ ရောက်လာတော့ စစ်ဆင်ရေးဘက်မှာ ပါဝင်နေရတော့ ဆေးပုံမှန်မသောက်ရတော့ဘူး။ သူ့ရောဂါက ပြန်ဖောက်လာပြီး အိန္ဒိယဘက်မှာ ဆေးကုသမှုခံယူနေတာ ၂ လလောက်ရှိပါပြီ” လို့ ပြောပါတယ်။
ဗျူဟာမှူးဟောင်း ဆလိုင်း အိုက်ဇက်ရဲ့ စျာပနကို အောက်တိုဘာ ၂၀ ရက် ညနေပိုင်းမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။











