DVB Logo
Home
မြန်မာသတင်း
သံတောင်ကြီးဒေသက  ယာဒိုစစ်ရှောင်များအတွက် အိမ်သာများလိုအပ်နေ
DVB
·
October 20, 2023
သံတောင်ကြီးဒေသက  ယာဒိုစစ်ရှောင်များအတွက် အိမ်သာများလိုအပ်နေ
Donate to DVB

ကရင်ပြည်နယ်၊ သံတောင်ကြီးမြောက်ပိုင်းရှိ ယာဒိုစစ်ဘေးရှောင်မိသားစုတွေဟာ ကျန်းမာရေးပြဿနာတွေနဲ့ကြုံတွေ့နေရသလို အိမ်သာတွေ လိုအပ်ချက်တွေရှိနေတယ်လို့  စစ်ရှောင်အရေး ကူညီသူတွေထံက သိရပါတယ်။

ယာဒိုစစ်ရှောင်တွေဟာ အရင်က တောင်ငူ၊ လိပ်သိုလ်ဘက် စစ်ရှောင်ကြပေမဲ့ နေရပ်အနီးဘက် ပြန်လာနေကြကာ အခု ယာဒိုစစ်ရှောင် စုဝေးနေထိုင်တဲ့နေရာမှာ အိမ်ခြေ ၁၂၀ ကျော်ရှိပေမဲ့ အိမ်သာ ၂၅ လုံးသာ ရှိပါတယ်။

ကယန်းအမျိုးသမီးအစည်းရုံးရဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဥ် တာဝန်ခံ အားမူက “နောက်ပိုင်း အလှူရှင်ရှိရင်တော့ မိသားစုတစုကို တလုံးနှုန်း ဆောက်ပေးဖို့ လျာထားတာ ရှိပါတယ်။ ခုလက်ရှိ အိမ်သာဆောက်ဖို့ကိစ္စက အလှူရှင်ရှာတုန်းပဲ၊ မိသားစု ၅ စုလောက် ပေါင်းပြီး အိမ်သာတလုံး စုတက်ရတယ်” လို့ ပြောပါတယ်။

အိမ်သာတလုံးကို ကုန်ကျစရိတ် အိမ်သာခွက်၊ ပိုက်၊ အမိုးအကာ၊ သွပ်ကြိုး၊ ရေပုံး၊ ရေခွက် အစုံကို ကျပ် ၂၅,၀၀၀ လောက် ရှိပါတယ်။

စစ်ရှောင်ကူညီသူ Tun Myanmar donation တာဝန်ရှိသူက “လတ်တလော လမ်းဘေးမှာပဲ တောတိုး ဖြေရှင်းနေကြပါတယ်။ ရေရှည်က အဆင်ပြေမှာမဟုတ်ဘူး။ ကျန်းမာရေးကိစ္စ ထိခိုက်တာတွေ ရှိလာနိုင်တော့ အိမ်သာ အရေးတကြီး လိုအပ်ပါတယ်။ လမ်းပိတ်ထားတော့ အလှူရှင်တွေလာဖို့ ခက်ခဲပါတယ်။ တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြောခဲ့တယ်” လို့ ပြောပါတယ်။

ယာဒိုစစ်ရှောင်တွေဟာ ရာသီတုပ်ကွေး၊ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြပေမဲ့ ခုချိန်ထိတော့ အများကြီးဖြစ်တာမျိုးမရှိဘဲ အနည်းစုတော့ အဲ့လိုဖြစ်နေကြတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဥ် တာဝန်ခံ အားမူက ဆက်ပြောပါတယ်။

ယာဒိုစစ်ရှောင်တွေဟာ အိမ်သာလုံလောက်မှုမရှိကြတဲ့အပြင် စားဖို့သောက်ဖို့ တချို့ အိမ်အနည်းစုလောက်က ခက်ခဲနေကာ တိုက်ပွဲပြီးချိန် အိမ်ထဲကနေ စပါးတချို့ ပြန်သယ်ယူနိုင်ခဲ့လို့ လတ်တလော စားရေးသောက်ရေးအတွက် အဆင်ပြေတဲ့ မိသားစုတချို့လည်း ရှိပါတယ်။

ယာဒိုစစ်ရှောင်တွေဟာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်တဲ့အချိန် ဇူလိုင် ၁၁ ရက်တည်းက စစ်ရှောင်နေရပြီး စစ်ကောင်စီဘက်က မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာ တောတောင်ထဲတွေမှာသာ ဆင်းရဲဒုက္ခကြီးစွာ နေထိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013