
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ တိုင်းရင်းဆေးရုံက ထွက်လာတဲ့ ခမရ ၇၀၁၊ ၇၀၈ နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို အောက်တိုဘာ ၁၈ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (YE U People’s Defence Force) ဆီက သိရပါတယ်။
မနက် ၆ နာရီခွဲလောက် သဲတောမူးအနီးမှာ မိုင်း ၁ လုံး၊ မနက် ၁၀ နာရီ ၅၅ မိနစ်လောက် လက်တန် ၁ အနီးမှာ မိုင်း ၁ လုံး၊ နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက် ယူကလစ်ခြံနဲ့ လက်တန် ၅ မြောင်းခွဲကြားမှာ မိုင်း ၁ လုံး စုစုပေါင်း မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“မိုင်းသုံးကြိမ်ဆွဲတာမှာ ညနေက မိုင်းတလုံးဆို လေပေါ်တက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ရှင်းလင်းစစ်ဆေးချိန်မှာလည်း သွေးစ သွေးနတွေ၊ ဆေးဝါးပစ္စည်းတွေတော့ တွေ့ရပါတယ်။ DB တော့ မတွေ့ခဲ့ရပါဘူး၊ မထားခဲ့ဘူးပေါ့။ ဒီနေ့ မိုင်းဆွဲတိုက်ခိုက်မှုက တော်တော်လေး များတယ်ဗျ။ ကျန်တဲ့ ပကဖအဖွဲ့တွေလည်း ဆွဲကြတယ်ဗျ။ ကိုယ့်နေရာ သူ့နေရာ တာဝန်ခွဲ တိုက်ခိုက်ကြတာပါဗျ။ ကျန်တဲ့အဖွဲ့တွေရဲ့ ပွိုင့်တွေ မိတယ်လို့လည်း ကြားတယ်ဗျ။”
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းနဲ့ ပြည်ရွှေသိင်္ဃ တည်းခိုခန်းကြားမှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အောက်တိုဘာ ၁၇ ရက် ည ၇ နာရီက လက်ပစ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်-၂၃ တပ်ရင်းက သိရပါတယ်။
ရွှေဘိုမြို့ပေါ်မှာ ဆိုင်ကယ် ၅ စီးနဲ့ စစ်သား ၈ ယောက်ကို လက်ပစ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦးစီးလာတဲ့ ဆိုင်ကယ်ထိမှန်ပြီး စစ်သားတွေ ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်-၂၃ တပ်ရင်း တာဝန်ရှိရဲဘော်တဦးက ပြောပါတယ်။
“သူတို့ကို လက်ပစ်မိုင်းနဲ့ပစ်တော့ ဆိုင်ကယ်တစီး ၃ ယောက်လာတဲ့ထဲက တယောက်က မှောက်သွားတယ်၊ တခြားနှစ်ယောက်ကလည်း မထနိုင် ဖြစ်သွားတယ်။ သူတို့ဘက်က လက်နက်ငယ်နဲ့ ပြန်ပစ်လို့ ကျနော်တို့ဘက်က ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်။”
ကင်းပတ်နေတဲ့ စစ်သားတွေကို ရွှေဘိုခရိုင် အမှတ်-၂၃ တပ်ရင်း၊ ခွဲ-၁ Naungyoe Army၊ ရွှေဘိုကျားကြီးနဲ့ တိုက်နယ် ၄ ပြည်သူ့ကာကွယ်ရေး ရွေ့လျားမိုင်းတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Revolution Soldiers အဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနောက် မြို့ပေါ်မှာ စစ်တပ်ဘက်က လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ဘက် ဇီးတောရွာအနီးမှာ အောက်တိုဘာ ၁၉ ရက် ဒီမနက် ၇ နာရီခွဲက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပုလဲနယ်ဘက်ကနေ ယင်းမာပင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူတွေကို ဖမ်းစီးသတ်ဖြတ် ရိုက်နှက်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “အောက်တိုဘာ ၁၅ ရက်နေ့က ပုလဲမြို့နယ်ဘက်ကနေ ကျနော်တို့ ယင်းမာပင်မြို့နယ်ဘက်ကို ကူးလာတဲ့ စစ်ကြောင်းပါဗျ။ အဲ့စစ်ကြောင်းက သဲကုန်းရွာက ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့တာတွေ လုပ်ခဲ့တယ်။ နောက်ပြီး အရပ်သားတချို့ကိုလည်း သေလုမျောပါးဖြစ်အောင်ကို ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ထားခဲ့တာတွေလည်း ရှိတယ်။ နောက်ပြီး PDF တဦးကိုလည်း ဖမ်းပြီး ခေါင်းဖြတ်သတ်ထားခဲ့တာတွေလည်း လုပ်ထားခဲ့တယ်ဗျ။ ဓားစာခံအဖြစ် ဖမ်းထားတဲ့ အရပ်သားတွေလည်း ရှိနေတယ်။ ကျနော်တို့ကတော့ ကိုယ်အိမ့်ကိုယ် မနေရဲလို့ ရွာကနေ ထွက်ပြေးနေရတာ ၅ ရက်အထိ ရှိနေပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကတော့ ယင်းမာပင်မြို့နယ်အတွင်း ကုန်းရွာနဲ့ ပေါက်ပန်းဖြူရွာ အနီးမှာ အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲ ထိုးစစ်ဆင်နေတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
“တိုက်ပွဲက ဇီးတောရွာအနီး နတ်ကြီးကုန်းမှာ ဖြစ်နေတာဗျ။ သူတို့ဘက်က စစ်သားနဲ့ ပျူ ၃၀၀ ကျော်ပါတယ်။ အဲ ၃၀၀ ကျော်ကို စစ်ကြောင်းနှစ်ကြောင်း ခွဲထားတယ်ပေါ့။ တကြောင်းကတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်နေတာ။ နောက်တကြောင်းက ကုန်းရွာဘက်မှာ ရှိနေတယ်။ တိုက်ပွဲက စဖြစ်နေဆဲဖြစ်တာကြောင့် အထိအခိုက် အကျအဆုံး ဘာမှမသိရသေးဘူး” လို့ ယင်းမာပင်မြို့ ဒေသခံ ဟိန္နကပြောက်ကျားတပ် LPDF ခေါင်းဆောင် ကိုကင်းက ဒီဗွီဘီကို ပြောပါတယ်။
အခုတိုက်ပွဲကို ဒေသခံ တပ်ရင်း၊ တပ်ဖွဲများ၊ LPDF အဖွဲ့များ၊ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပါဝင် ခုခံစစ်ဖြစ်နေတာလည်း ဖြစ်တယ်လို့ ဒေသခံခေါင်းဆောင်တွေက ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက် ညနေက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ကို အောက်တိုဘာ ၁၇ ရက် ညနေက ညောင်စောက်ရွာနဲ့ မဲကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသကနေ ပြန်လာပြီး ညောင်စောက်ကျေးရွာက ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူကာ နွားလှည်းနဲ့သယ်လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိပြီး ၂ ယောက် ထွက်ပြေးလွတ်မြောက်သွားကာ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒဏ်ရာရရှိတဲ့သူတွေကို သယ်သွားကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖနဲ့ နွေဦးစစ်သည် YSO- ရေလယ်ကျွန်းစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အောက်တိုဘာ ၁၂ ကနေ ၁၆ ရက်အထိ စစ်ကောင်စီဘက်က စစ်ကြောင်း ၂ ကြောင်းနဲ့ ဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ အမျိုးသမီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ပြီး ရောဂါအခံရှိသူ ၃ ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်ဟာ ရွာစဥ်လျှောက် စစ်ကြောင်းထိုးပြီး နွယ်နီကျေးရွာက အသက် ၅၁ နှစ်အရွယ် ဒေါ်သီသီမာကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ သားဖြစ်သူ မကျန်းမာလို့ ကျန်နေခဲ့တာဖြစ်ပြီး နေအိမ်မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်ပြီး သတ်ဖြတ်သွားကြတာလို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၅ ရက် မနက်မှာ ကူနီကျေးရွာက နေအိမ် ၇ အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့က တရွာလုံးကို မွှေနှောက်ပြီး ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်ဝင်ရောက်လာလို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရောဂါအခံရှိ ကလေးငယ်တယောက်နဲ့ သက်လတ်ပိုင်းတယောက် လန့်ပြီးတော့ သေဆုံးခဲ့ကာ ကျွန်ညိုကျေးရွာက အသက် ၅၀ အရွယ် အမျိုးသားတယောက်လည်း ထွက်ပြေးတဲ့အချိန်မှာ အမောဖောက်ပြီး သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
ရေစကြို ပေါက်တောကြီးကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၁၂ ရက်နေ့မှာ မိဖုရားရွာကနေတဆင့် ရွာစဥ်လျှောက်ပြီး စစ်ကြောင်းထိုးကာ ကျောက်ဖူးရိပ်သာကျောင်းကို ဝင်ရောက်ပြီး ဆိုင်ကယ်တွေနဲ့ အသုံးဆောင်ပစ္စည်းတွေ အကုန်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့မှာလည်း အဲဒီစစ်ကြောင်းဟာ ကျွဲကုန်းကျေးရွာကိုဝင်ရောက်ပြီး ညနေပိုင်းမှာဘဲ နွေဦးကံကော် ပရဟိတ ဆေးခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဟာ ၁၃ ရက်နေ့ ညက မိဖုရားရွာမှာ ညအိပ်တပ်စွဲပြီး အောက်တိုဘာ ၁၄ ရက် မနက်မှာ ရွာစဥ်လျှောက်ပြီး ထပ်မံစစ်ကြောင်းထိုးကာ မြေတော်ကျေးရွာကို ဝင်ရောက်မွှေနှောက်ပြီး နွားအကောင် ၂၀ ခန့်၊ ဆိုင်ကယ်အစီး ၆၀ လောက်နဲ့ ထွေလာဂျီ ၂ စီးကို ဇက်နဲ့တင်ပြီး ယူဆောင်သွားကြကာ စာသင်ကျောင်းက ပစ္စည်းတွေကိုလည်း ရိုက်ခွဲသွားကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းဟာ ကူနီကျေးရွာက နေအိမ် ၇ လုံး၊ နွယ်နီကျေးရွာက နေအိမ် ၂ လုံး၊ နန်းဦးကျေးရွာက နေအိမ် ၃ လုံးနဲ့ ဆင်တဲကျေးရွာက နေအိမ် ၁၅ အိမ်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နွား ၃ ကောင်လည်း လက်နက်ကြီးကျည်ထိမှန်ပြီး ခြေထောက်တွေ ပြတ်သွားတယ်လို့ လှေခုတ်ကျေးရွာ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“တချို့ဆိုရင် ဆိုင်ကယ်တွေ တွန်းပြီးပြေးရတယ်။ မယ်ကြီးအို ဖိုးကြီးအိုတွေဆို ရေငတ်လို့ ချောက်ထဲကရေ သောက်ခဲ့ရတယ်။ ဆိုင်ကယ်သမားတွေလည်း ဗွက်တွေနစ်ပြီး ထမင်း ၃ ရက် ငတ်ခဲ့တယ်။ ကျွန်းညိုရွာက အသက် ၅၀ အရွယ် အမျိုးသားတယောက်ကတော့ ဆိုင်ကယ်တွန်းပြေးခဲ့ရလို့ အမောဆို့ သေဆုံးခဲ့ရတယ်။ မိုးတွေရွာတော့ ကိုင်းတော ရေထဲမှာ အခင်းရေစိုတွေနဲ့ မိုးထဲမှာ အဝတ်စိုတွေနဲ့ နေခဲ့ရပြီး ထမင်းလည်းမစားရ၊ ဘာမှမစားရဘဲ နေခဲ့ရတယ်။”
စစ်ကောင်စီတပ်ဟာ လှေခုတ်ကျေးရွာကို ၇ ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အခုတကြိမ်မှာလည်း လူနေတဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ရက်ကန်းစင်တွေ၊ ငွေကြေးတွေ၊ စားနပ်ရိက္ခာတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ စားဝတ်နေရေး အခက်အခဲ ကြုံနေရတာကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ လှေခုတ်ကျေးရွာနေ အမျိုးသမီးတဦးက ပြောပါတယ်။
ပေါက်မြို့နယ်မှာလည်း အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
ပေါက်မြို့နယ် ဝက်ပုတ်ကျေးရွာကနေ ထွက်လာတဲ့ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၁၇ ရက်န မနက် ၁၁ နာရီကျော်လောက် ခဲပင်အင်းရွာနားအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ယောက်သေဆုံးကာ ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက် မနက်ကလည်း ခဲပင်အင်းရွာမှာ ထမင်းစားနေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
မွန်းလွဲ ၂ နာရီ ၄၀ မိနစ်လောက်မှာလည်း ညောင်ရင်းကျေးရွာဘက် ထွက်လာတဲ့ အဲဒီစစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့တွေက ချောင်းမြောင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းက ကပစ ၂၁ က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အရာရှိတယောက် အပါအဝင် ၇ ယောက်လောက် သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၄၊ တပ်ခွဲ-၁ မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်လောက်က တပ်တွင်းသတင်းရင်းမြစ်ရဲ့ သတင်းပေးပို့ချက်အရ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ ကပစ ၂၁ က စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ မင်းရဲဆက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတယောက် အပါအဝင် ၇ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ နာရီဝက်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကူလိုက်လာကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အလောင်းတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကို လာသယ်သွားကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြေလတ်ဒေသ ဆိပ်ဖြူပကဖ၊ SRA၊ ညောင်ဦးခရိုင်တပ်ရင်း-၄ နဲ့ KDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာနဲ့ ကတွဲရွာအကြားမှာ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီယာဥ်တန်းကို အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းက ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း-၂၊ ပုတီးတလုံးပြောက်ကျားအဖွဲ့နဲ့ ယူဂျီအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီမိုင်းဆွဲမှုအပြီး စစ်ကောင်စီနဲ့ PDF အဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ လောက် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၁ ဦး ထိခိုက်သေဆုံးကာ မဟာမိတ်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ တပ်ရင်း-၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်ပြီး မကြာမီ ရငဲရွာအလယ်ပိုင်းရှိ နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေကို လာရောက်သယ်ဆောင်တဲ့ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းက ကားတစီးလည်း ထပ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုကို မသိရသေးဘူးလို့ တပ်ရင်း-၂ က စစ်ရေးသတင်း ထပ်ထုတ်ပြန်ထားပါတယ်။
ရငဲရွာသားတဦးက “လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားပြီးတာနဲ့ မီးခိုးတွေ တက်လာတာပဲ။ ရငဲရွာထဲမှာက ရွာသားတွေ နေမရဲကြဘူး။ မြွေတောင်မှာတပ်စွဲပြီး အမြဲနေနေတာ သူတို့တွေက(စစ်ကောင်စီ)။ ရိက္ခာပြန်သွားသယ်တဲ့ရက်လောက်ပဲ မရှိဘူး” လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာအနီးမှာ အောက်တိုဘာ ၁၆ ရက် မနက် ၄ နာရီက စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတိုက်ပွဲမှာ PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အင်အားသုံးပြီး PDF တွေကို ပိတ်ဆို့ထားတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ မိုးကုတ်ဗျူဟာ တပ်ရင်း-၁၂၂၃ တပ်ရင်းမှူး ကိုလရောင်က ပြောပါတယ်။
“စစ်ကြောင်းထိုးလာတာတော့ မဟုတ်ဘူး။ သူတို့က အင်အားဖြည့်ပြီး ပိတ်ဆို့ထားလို့ပါ။ တိုက်ပွဲဖြစ်နေတာတော့ ရက်တော်တော်ကြာပြီ။ အစုံပေါ့၊ sniper၊ ၁၂၀ မမ၊ ဒရုန်း၊ စက်လက်ကြီးတွေရောနဲ့ ပစ်ခတ်ပါတယ်။”
မိုးကုတ်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း မိုးကုတ်ဗျူဟာတပ်ရင်း-၁၂၂၁ က ရဲဘော် ဆံရှည် ကျဆုံးခဲ့သေးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မိုးကုတ်မြို့တွင်း စစ်ကောင်စီတပ် ဗျူဟာကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတဦးက “အမြဲပစ်နေတာပဲ၊ တချက်တချက်ပစ်ရင်ကို သိသာတယ်။ ဗျူဟာနဲ့နီးတဲ့ ရပ်ကွက်တွေဆို အိမ်ပါတုန်တာ၊ တခါတလေဆို ညသန်းခေါင်ပါ ထပစ်တယ်။ တချို့ဆို လက်နက်ကြီးပစ်တဲ့အသံကြောင့် ကြောက်ပြီး ညလုံးပေါက် မအိပ်ရတဲ့သူတွေ ရှိနေတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့နယ်မှာ အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး TNLA တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို တဖက်သတ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ TNLA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က မိုးကုတ်မြို့ထဲမှာလည်း လူမှုကွန်ရက်မှာ PDF အားပေးထောက်ခံတဲ့ စာသားတွေ တင်ထားသူတွေကို လိုက်လံဖမ်းဆီးမှုတွေရှိနေပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။











