
၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် The Straits Times နှင့် အင်တာဗျူးတွင် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် ချဉ်းကပ်မှုသစ်တရပ် လိုအပ်ကြောင်း ပြောလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံက ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်သည် မူအားဖြင့် မှန်ကန်သော်လည်း လက်တွေ့တွင် ထိရောက်မှု မရှိတော့ကြောင်း ၎င်းက ဝန်ခံခဲ့သည်။
ထိုသဘောတူညီချက်တွင် အကြမ်းဖက်မှုရပ်တန့်ရေး၊ သက်ဆိုင်သူများအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ် သွားရောက်ရေးတို့ ပါဝင်သည်။
သို့သော် သဘောတူညီချက်ချမှတ်ခဲ့သည်မှာ ၅ နှစ်ကျော် ကြာမြင့်လာသော်လည်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်နှင့် နိုင်ငံရေးအကျပ်အတည်းများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ ထို့ကြောင့် မားကို့စ်က ယခင်နည်းလမ်းအတိုင်းသာ ဆက်လက်လုပ်ဆောင်နေမည့်အစား အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကို ပြန်လည်စတင်ပြီး နိုင်ငံရေးအရ တိုးတက်မှုရရှိစေရန် ကြိုးပမ်းလိုပုံရသည်။
၎င်းက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားနှင့် ကမ္ဘောဒီးယားသို့ သွားရောက်ခဲ့ခြင်းကို ယခင်က မဖြစ်ခဲ့ဖူးသည့် တိုးတက်မှု၏ အစအဖြစ် ရှုမြင်ခဲ့သည်။ ဤသည်ကိုလည်း ‘မြေကြီးထဲမှ အညွန့်ကလေးများ စတင်ပေါက်ထွက်လာသကဲ့သို့’ ဟု မားကို့စ်က တင်စားပြောဆိုခဲ့သည်။
သို့သော် အဆိုပါနိုင်ငံများသို့ သွားရောက်ရုံဖြင့် မြန်မာ့ပြည်တွင်းစစ် အဆုံးသတ်လာခြင်း သို့မဟုတ် နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ခြင်းနှင့် တူညီခြင်းမရှိပေ။ မင်းအောင်လှိုင်သည် ၎င်းအား သံတမန်ရေးအရ အသိအမှတ်ပြုခံရရုံသာ လုံးပန်းနေခြင်းဖြစ်ပြီး ပြည်တွင်းစစ်ကို အနိုင်ရမှ ဖြစ်မည်ဟု ခံယူထားသူ ဖြစ်သည်ဆိုသည်လောက်ပင် ဖိလစ်ပိုင်သမ္မတသည် သဘောပေါက်ပုံမရပေ။
မားကို့စ် အဘယ်ကြောင့် ထိုသို့ ပြောလာသည်ကို နားလည်ရန် အာဆီယံ၏ လက်ရှိနည်းလမ်းနှင့် ကန့်သတ်ချက်များကို သုံးသပ်ရပေမည်။
အာဆီယံသည် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနှင့် အဖွဲ့ဝင်အားလုံးသဘောတူညီမှုရရှိရေးကို အစဉ်အလာအရ အလေးထားသည်။ ယင်းမူများကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်သော်လည်း မြန်မာ့အရေးကဲ့သို့ ပြင်းထန်သော နိုင်ငံရေးပဋိပက္ခများတွင် အရေးယူဆောင်ရွက်မှု နှေးကွေးသွားရခြင်း ဖြစ်သည်။
မားကို့စ်ကမူ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲပြားမှုရှိနေသော်လည်း ဘုံသဘောတူညီချက်ကို ဆက်လက်ရှာဖွေခြင်းသည် အာဆီယံ၏ အားသာချက်ဖြစ်ကြောင်း ယုံကြည်သည်။ သို့သော် အဓိကမေးခွန်းမှာ သဘောတူညီမှုရရှိခြင်းနှင့် မြေပြင်တွင် အပြောင်းအလဲဖြစ်ပေါ်ခြင်းတို့ကို မည်သို့ ချိတ်ဆက်မည်နည်း ဟူသည့်အချက်ဖြစ်သည်။
အာဆီယံက ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်း၊ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ခြင်းသည် သံတမန်ရေးအရ တိုးတက်မှုဖြစ်နိုင်သည်။ သို့သော် အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးအ ကျဉ်းသားများလွှတ်ပေးရေးနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာခြင်းတို့ မရှိလျှင် ယင်းတိုးတက်မှုသည် စစ်အုပ်စုအတွက် အကျိုးများဖို့သာ ရှိနိုင်သည်။
အာဆီယံအတွက် အကြီးမားဆုံး အန္တရာယ်မှာ စစ်အာဏာရှင်ကို တရားဝင်မှု ပေးမိခြင်းပင် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲမှ ဖယ်ထုတ်ထားသည့်အခြေအနေတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲမျိုးဖြင့် နိုင်ငံရေးအာဏာရရှိလာမှုသည် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး မဟုတ်ဆိုသည်ကိုလည်း အထင်အရှား တွေ့မြင်နေရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သော်လည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုရပ်တန့်ရေးအတွက် ခိုင်မာသည့် ကတိကဝတ်များ ရရှိခဲ့ခြင်း မရှိကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ ထို့ပြင် မလေးရှားရှိ မြန်မာနိုင်ငံသားများနှင့် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေးအပေါ်လည်း လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေကြသည်။
ဤနေရာတွင် သတိပြုရမည့်အချက်မှာ စစ်ခေါင်းဆောင်နှင့် ဆွေးနွေးခြင်းကို မှားယွင်းသည်ဟု မဆိုနိုင်သော်လည်း ပြဿနာမှာ ဆွေးနွေးမှုမှတဆင့် မည်သည့်အကျိုးရလဒ်ကို ရရှိလာမည် နည်းဟူသည့်အချက်ဖြစ်သည်။
အာဆီယံနိုင်ငံများက စစ်ခေါင်းဆောင်ကို ၎င်းအလိုကျ နိုင်ငံတော်အကြီးအကဲတဦးကဲ့သို့ တရားဝင်ဆက်ဆံမှု ပေးလာသော်လည်း အကြမ်းဖက်မှု လျှော့ချရန်၊ အတိုက်အခံများနှင့် ဆွေးနွေးရန် သို့မဟုတ် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် မလိုက်လျောပါက အကျိုးအမြတ်ရရှိသူမှာ စစ်အာဏာပိုင်များသာ ဖြစ်သွားပေလိမ့်မည်။
မားကို့စ်၏ ချဉ်းကပ်မှုအသစ်ဆိုသည်က အခွင့်အလမ်းနှင့် အန္တရာယ် နှစ်မျိုးစလုံးကို သယ်ဆောင်လာသည်။
အခွင့်အလမ်းမှာ အာဆီယံက ယခင်ကထက် ပိုမိုတက်ကြွစွာ ပါဝင်လာပြီး သက်ဆိုင်သူအားလုံးနှင့် ဆက်သွယ်ဆွေးနွေးနိုင်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်သည် မြန်မာ့အရေး အထူးကိုယ်စားလှယ်မှတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းခဲ့သည်။ ယင်းသည် စစ်အုပ်စု တဖက်တည်းနှင့် ဆွေးနွေးခြင်းထက် ပိုမိုကျယ်ပြန့်သည့် နည်းလမ်းတခုဖြစ်နိုင်သည်။
အန္တရာယ်မှာမူ အာဆီယံ၏ ဦးစားပေးမှုသည် မြန်မာပြည်သူများ၏ နိုင်ငံရေးအခွင့်အရေးထက် ဒေသတွင်းတည်ငြိမ်မှုနှင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရေးဘက်သို့ ရွေ့သွားနိုင်ခြင်း ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆက်ဆံရေး ပြန်လည်ထူထောင်လိုသော်လည်း တီမောလက်စ်ကဲ့သို့ နိုင်ငံများမှာ ဒီမိုကရေစီအင်အားစုများကို ထောက်ခံသည့် ရပ်တည်ချက်ကို ပိုမိုအလေးထားနေကြသည်။ ထို့ကြောင့် အာဆီယံအတွင်း တသဘောထားတည်း ရှိနေသည်ဟု မယူဆသင့်ပေ။
မားကို့စ်၏ အပြောတွင် လက်တွေ့ကျသော အချက်တခု ပါရှိလာသည်။ ၅ နှစ်ကျော်ကြာ အလုပ်မဖြစ်ခဲ့သော နည်းလမ်းကို အကန့်အသတ်မရှိ ဆက်လက်အသုံးပြုနေခြင်းထက် နည်းလမ်းသစ်များကို ရှာဖွေခြင်းက ပိုမိုသင့်လျော်မည် ဆိုခြင်း ဖြစ်သည်။ သို့သော် နည်းလမ်းသစ်ဆိုသည်မှာ စစ်ခေါင်းဆောင်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာခြင်းကိုသာ ဆိုလိုပါက မြန်မာ့အရေးအတွက် အဓိပ္ပာယ်ရှိသော တိုးတက်မှုဟု မခေါ်နိုင်ပေ။
အာဆီယံ၏ ချဉ်းကပ်မှုသစ်ကို အကဲဖြတ်ရာတွင် အနည်းဆုံး အချက် ၄ ချက်ကို ကိုင်တွယ်နိုင်မှ ဖြစ်ပေမည်။
အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် အခြားအကြမ်းဖက်မှုများ အမှန်တကယ် လျော့ကျလာသလား။
လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်နေသူများထံ လုံခြုံစွာ ပို့ဆောင်နိုင်သလား။
ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များနှင့် အခြားသက်ဆိုင်သူများ ပါဝင်သည့် အဓိပ္ပာယ်ရှိသော ဆွေးနွေးပွဲများ ဖြစ်ပေါ်လာသလား။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံရေးအခွင့်အရေးများ ပြန်လည်ရရှိရေးတွင် တိုင်းတာနိုင်သော တိုးတက်မှု ရှိလာသလားတို့ ဖြစ်သည်။
ထိုကိစ္စများ ဖြစ်ပေါ်လာသည်ဟု ဆိုစေဦး၊ မင်းအောင်လှိုင်နှင့်အဖွဲ့ ဆက်ရှိနေသရွေ့ သေနတ်သံ၊ ဗုံးသံများ စဲသွားသည်က လွဲ၍ သန်းရွှေ ခေတ်ကဲ့သို့ပင် လူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘဝသည် ဒုံးရင်းက ဒုံရင်းသာ ဆက်ရှိနေဦးမည်ကား မြေကြီးလက်ခတ် မလွဲပင်။
အာဆီယံသည် မြန်မာ့အရေးကို ဆက်လက်ကိုင်တွယ်ရန် နည်းလမ်းသစ် လိုအပ်သည် ဆိုသော် လည်း စစ်အာဏာပိုင်များနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခြင်းကို မြန်မာ့အရေး ဖြေရှင်းနိုင်မှုနှင့် မရောထွေးသင့်ပေ။ သံတမန်ရေးအရ တံခါးဖွင့်ခြင်းသည် ပထမခြေလှမ်းသာဖြစ်သည်။ အမှန်တကယ် အောင်မြင်မှုရှိမရှိကို မြန်မာပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှု၊ နိုင်ငံရေးအခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့တွင် ဖြစ်ပေါ်လာသည့် လက်တွေ့အပြောင်းအလဲများဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်သည်။











