Home
မြန်မာသတင်း
သထုံထောင်တွင် ဆေးကုသခွင့်မရသဖြင့် နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံး
DVB
·
October 19, 2023

မွန်ပြည်နယ်၊ သထုံမြို့မှာရှိတဲ့ ဈေးမသွယ်ထောင်မှာ လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတယောက် သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ဦးသန့်ဇင်ဟာ ရင်ကြပ်ရောဂါ ကြာရှည်စွာ ခံစားနေရပြီး လုံလောက်စွာ ဆေးကုသခွင့်မရရှိဘဲ လေဖြတ်သွားတဲ့အချိန်မှ သထုံဆေးရုံကြီးကို ပို့ဆောင်ကုသပေးပေမဲ့ တပတ်အကြာ အောက်တိုဘာ ၁၅ ရက်မှာ သေဆုံးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဦးလေးက ရင်ကြပ်ရောဂါကော တခြားရောဂါတွေပါ ခံစားနေရပေမဲ့ ထောင်ထဲမှာ လုံလောက်စွာ ဆေးကုသခွင့်မရတော့ လေဖြတ်သွားတယ်။ လေဖြတ်သွားမှ သထုံဆေးရုံကြီးကို ပို့ပေးတာ။ ဒါပေမဲ့ အချိန်က နှောင်းသွားပြီလေ။ ‌သထုံဆေးရုံရောက်တည်းက အခြေအနေမကောင်းတာ သိနေပါပြီ။ ရေကြည်အိုင်မှာ စစ်ကြောရေးဝင်ခဲ့ရတဲ့ ဒဏ်တွေလည်း ပါမယ်ထင်တယ်။ သူ့လိုမျိုး နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မဖြစ်ချင်ဘူး။”

အသက် ၅၇ နှစ်အရွယ် ဦးသန့်ဇင်ဟာ ထောင်ထဲမှာ ရင်ကြပ်ရောဂါ ခဏခဏ ထဖောက်ပေမဲ့ ဆေးရုံတင်ခွင့် မပေးခဲ့သလို ဆေးကုသခွင့်လည်း မရခဲ့‌ဘူးလို့ နိုင်ကျဉ်းဟောင်းတဦးက ပြောပါတယ်။

“ဦးသန့်ဇင်က ထောင်ထဲမှာ ခဏခဏ ထဖောက်တယ်။ တခါတလေဆို သတိပါလစ်တယ်။ ဆေးရုံတင်ခွင့်ရဖို့ နိုင်ကျဉ်းသမားတွေက တောင်းဆိုပေမဲ့ ဆေးရုံတင်ခွင့်မပေးဘူး။ နိုင်ကျဉ်းသမား‌အချင်းချင်း ကူညီဖေးမပြီး ဆေးမြီးတိုနဲ့ပဲ ကုပေးနေရတယ်။ ဈေးမသွယ်ထောင်မှာ နိုင်ကျဉ်းတွေ သီးသန့်ထားပေမဲ့ တန်းစီးကျတော့ စစ်တပ်ထွက်တွေပဲ ထားတော့ ထောင်တွင်းအခွင့်အရေး အပြည့်မရဘူး။ ထောင်ထဲမှာ ဒီလိုမျိုး အနုနည်းနဲ့ နှိပ်စက်ခံရပြီး သေတဲ့သူတွေလည်း မနည်းတော့ပါဘူး။”

ဦးသန့်ဇင်ဟာ ၂၀၂၁ မတ်လက သူ့ အမျိုးသမီးနဲ့အတူ ကလေးတွေကို ‌လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးစဉ် ဖမ်းဆီးခံရပြီး အမှု ၂ မှုနဲ့ ထောင် ၆ နှစ် ကျခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024