
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်မြို့တော် ပေကျင်းမှာ တွေ့မဲ့ ထိပ်သီးအစည်းအဝေး မတိုင်မီ မေ ၁၁ ရက်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်စ်ဆင့်က ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ အစည်းအဝေးသွားတက်မယ်လို့ မေ ၁၀ ရက်မှာ ပြောပါတယ်။
ဘက်စ်ဆင့်ဟာ အမေရိကန်-ဂျပန် စီးပွားရေး ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် ဂျပန်ဝန်ကြီးချုပ် စာနာအဲ တာကာအိချိနဲ့ ဘဏ္ဍာရေးဝန်ကြီး စတ်စုခိ ခတယမ၊ တခြား အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေက ကိုယ်စားလှယ်တွေနဲ့ တိုကျိုမြို့တော်မှာ မေ ၁၂ ရက်မှာ တွေ့ဆုံမှာပါ။
မေ ၁၃ ရက်မှာတော့ ဆိုးလ်မြို့တော်မှာ တရုတ်ဒုတိယဝန်ကြီးချုပ် ဟော့လိဖှုန်းနဲ့ တွေ့မယ်လို့ ပြောပါတယ်။
အဲဒီနောက်မှာတော့ သမ္မတထရမ့်ပ်နဲ့ သမ္မတရှီအကြား ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအတွက် ပေကျင်းကို ဆက်သွားမယ်လို့ ဘက်စ်ဆင့်က X လူမှုကွန်ရက်ပေါ်က သူ့ရဲ့ တရားဝင်အကောင့်ကနေ ပြောပါတယ်။
“စီးပွားရေးလုံခြုံရေးဟာ အမျိုးသားလုံခြုံရေးဖြစ်ပြီး သမ္မတထရမ့်ပ်ရဲ့ အမေရိကပထမ စီးပွားရေးအစီအစဉ်ကို မြှင့်တင်ဖို့ ကျနော်တို့ ဆောင်ရွက်နေချိန်မှာ အကျိုးဖြစ်ထွန်းတဲ့ ထိတွေ့ဆက်ဆံမှုတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်” လို့လည်း ဘက်စ်ဆင့်က ပြောပါတယ်။
Source: Reuters










