DVB Logo
Home
Lead Story
ဂါဇာ…
DVB
·
October 18, 2023
ဂါဇာ…
Donate to DVB

The first casualty of war is Truth.

စစ်ပွဲမှာ ပထမဆုံး ကျဆုံးရသူဟာ “အမှန်တရားပါ” ။

ခုတော့ ဒဏ်ရာတွေ တပြပြပေါ့။ သွေးစိမ်းရှင်ရှင်၊ ခြေပြတ်လက်ပြတ်၊ အတုံးအရုံး သက်မဲ့ရုပ်အလောင်းတွေ။ ပြာကျသွားတဲ့ မြို့ကလေး။ ပြိုကျသွားတဲ့ စာသင်ကျောင်း၊ ပျက်စီးသွားတဲ့ ဆေးရုံ။ အသက်မသေကျန်သူတွေဟာ ကျန်နေတဲ့အသက်ယဲ့ယဲ့ကို ဖက်ကလေးနဲ့ ကိုယ်စီထုပ်ထား။ အမြောက်ကျည်ဆန်တွေကြားမှာ လူသားဟာ တိုးတိုးရွရွ ခြကောင်တွေလို အချိန်မရွေး သေနိုင်တယ်။ ဒုက္ခသည် လူစုလူဝေးတွေကို တောကြိုအုံကြား သစ်ပင်ဝါးရုံကြားမှာ မြင်တွေ့နိုင်သလို တိုက်ပြိုတိုက်ပျက် ဗုံးကျင်းတွေကြားမှာလည်း တွေ့နိုင်တယ်။ အနိဋ္ဌာရုံမြင်ကွင်းတွေဟာ ဒရာမာရုပ်ရှင်မဟုတ်ဘူး။ မှတ်တမ်းရုပ်ရှင်။

ရွာကလေးကို မေ့သွားကြပြီ။ ဆီးရီးယားကို မေ့သွားကြပြီ။ ယူကရိန်းကို မေ့သွားကြပြီ။

ကမ္ဘာကြီးရဲ့အာရုံဟာ ဂါဇာ ကို ရောက်သွားပြီ။

ငါမှန်တယ်။ သူမှားတယ်။ ဒဏ်ရာတွေကိုယ်စီ တပြပြပေါ့။ နောက်ဆုံးဇာတ်ကွက်ရဲ့ မီးလောင်ပေါက်ကွဲခန်းနဲ့ ပစ်ခတ်ထိုးသတ်ခန်းက ဂါဇာမှာ။ ခု ကမ္ဘာ့လူတွေက ဂါဇာဇာတ်ဝင်ခန်းကို ဝိုင်းအုံကြည့်နေကြတယ်။

ယူကရိန်းကို မေ့သွားပြီ။ ဇီလန်းစကီကို မေ့သွားပြီ။ ပူတင်အကြောင်း သိပ်မပြောတော့ဘူး။

ဟားမတ်စ်တွေ ရုပ်သံရှေ့ရောက်လာတယ်။ အစ္စရေးတင့်ကားတွေ ထွက်လာတယ်။ ဒုံးကျည်မီးခိုးတန်းတွေ၊ ပေါက်ကွဲသွားတဲ့အလင်းရောင်၊ ပြိုကျသွားတဲ့ မြို့ပြအဆောက်အဦး။

လူ နှစ်သန်းကျော် နေတဲ့ ဂါဇာစီးတီးမြို့တော်ဟာ ရက်ဆက်ကြဲတဲ့ ဗုံးနဲ့ ရက်ဆက်ပစ်တဲ့ဒုံးကျည်တွေကြောင့် ပြားပြားဝပ် ပြိုကျသွားပြီ။ ဒါဟာ အမှန်တရားအတွက် လက်တုံ့ပြန်တာတဲ့လား။ လူ နှစ်သန်း အမှောင်ထဲမှာနေရ။ လျှပ်စစ်မီးမရှိ။ ရေမရ။ ရိက္ခာဖြတ်တောက်။ ဗုံးခိုကျင်းထဲ အသက်ကို ဖက်နဲ့ ထုပ်ထားရသူ အပြစ်မဲ့ပြည်သူများ။ ဒါဟာ အမှန်တရားအတွက် လက်တုံ့ပြန်တာတဲ့လား။

အရိပ်ရုပ်သေးပြကွက်တစ်ခုလို ပြေးနေရသူရဲ့ ခြေထောက်တစ်ဖက်က ဓားနဲ့ရွယ်နေတယ်။ မီဒီယာဟာ ဒီနေရာကို ဟိုက်လိုက်လုပ်တယ်။ ဇာတ်ခုံပေါ်က ပြကွက်ကို ဇာတ်ခုံရှေ့ပရိသတ်က စုပ်သပ်ကြတယ်။

“ ကြည့်စမ်း ရက်စက်လိုက်တာ”

အမှန်တရားဟာ အရိပ်နောက်မှာ ပျောက်နေတယ်။

လူမျိုး ဘာသာ ယုံကြည်ချက် ကွဲပြားတဲ့ လူမျိုးစုကြီး နှစ်ခုရဲ့ နှစ်ပေါင်းရာချီ ပဋိပက္ခ။ ရဟူဒီတွေဟာ သူတို့ရဲ့ နေရာကို စွန့်ခွါပြီး ကမ္ဘာအရပ်ရပ်ကို ပြန့်ကျဲရောက်ရှိသွားခဲ့ကြ။ အိုးမဲ့ အိမ်မဲ့။ အိမ်ခြေရာခြေမရှိသူတွေ။ ခြေသလုံးအိမ်တိုင်။ သူတို့ ဒုတိယကမ္ဘာစစ်အပြီး နေရပ်ဟောင်းကို ပြန်လာကြတယ်။ ပြန်စုဝေးကြတယ်။ ဒါပေမဲ့ သူတို့ရဲ့နေရာဟောင်းမှာ ပုံပြင်ထဲက ကုလားအုပ်ဟာ နေရာဦးထားခဲ့ပြီ။ အိမ်ပေါ်က ဆင်းမပေးတဲ့ အိမ်ငှါးနဲ့ အိမ်ရှင်ရဲ့ပဋိပက္ခလို ပြဿနာဟာ နှစ်ပေါင်းများစွာ မပြီးဆုံးနိုင်တဲ့ ကမ္ဘာ့မြေပုံပေါ်က တရားမမှု။

နှစ်ပေါင်း ၂၀ ကျော် ပိတ်ဆို့ခံထားရ။ တစ်ဖက်မှာ ပင်လယ်၊ တစ်ဖက်မှာ ကုန်းမြေ။ ထွက်ပေါက်မဲ့ နှစ်ဖက်စလုံး ပိတ်ဆို့ခံထားရသူ လူပေါင်း ၂ သန်းကျော်ဟာ အရှည် ၂၅ မိုင်၊ အကျယ် ၅ မိုင်သာသာရှိတဲ့ ကမ်းမြောင်လေးထဲ နှစ်ပေါင်းများစွာ အသက်ရှင်နေခဲ့ရ။ ဒီဒေသတစ်ခုလုံး (အရှေ့အလယ်ပိုင်း) ဟာ ကမ္ဘာ့သမိုင်းရဲ့ မီးအိုးလို နှစ်ပေါင်းများစွာ ဖိနှိပ်သူနဲ့ တော်လှန်သူ။ အုံကြွသူ နဲ့ ဖိနှိပ်သူ တချိန်းချိန်း။

ဟားမတ်စ်တွေဟာ သူတို့ရဲ့နယ်မြေကို သိမ်းပိုက်ပြီး သူတို့ကို ဝိုင်းပတ် ပိတ်ဆို့ထားတဲ့ ဂျူးတွေကို အခွင့်သင့်တိုင်း လက်တုံ့ပြန်ခဲ့တယ်။

အောက်တိုဘာ (၇)   ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ (၉/၁၁) ။ အလစ်အငိုက်မိ ခံလိုက်ရတယ်။ ပျော်ပျော်ရွှင်ရွှင် ကျင်းပနေတဲ့ ဂီတပွဲတော်ဟာ သွေးသံရဲရဲ စစ်မြေပြင်ဖြစ်သွားတယ်။ အစ္စရေးနယ်ခြားစခန်းတွေ အစီးခံရ။ စစ်သားတွေ အသတ်ခံရ။ အစ္စရေးပြည်သူတွေ အသတ်ခံရ။ တချို့ ဓားစာခံအဖြစ်နဲ့ ဂါဇာထဲ ဖမ်းခေါ်သွား။

နဂိုကတည်းက ရန်သူ အာရပ်တွေရဲ့အလယ်မှာ ကိုယ့်ကိုယ်ကို ကြံ့ကြံ့ခံ အမြဲသတိနဲ့နေတဲ့ ဂျူးတွေကို ဟားမတ်စ်က နားရွက်တံတွေးဆွတ်လိုက်တယ်။ နဂိုကတည်းက တင်းမာတဲ့ အမျိုးသားရေးအစွန်းရောက်တဲ့ နေတန်ယာဟုရဲ့ တုံ့ပြန်မှုက ကြောက်စရာကောင်းလှတယ်။

Tip for Tat ။

ငါတို့ကို လာမထိနဲ့။

ရက်ပိုင်းအတွင်း သာသာယာယာမြို့ပြတစ်ခုဟာ ချက်ချင်း ကြေမွပျက်စီးသွားတယ်။ စစ်ကို ဆိုင်ထားပြီ။ ဒီဒေသကို ဝင်သိမ်းမယ်။ ဟားမတ်စ်တွေကို အမြစ်ဖြတ်မယ်။ တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ အရန်တပ်အင်အား အပြည့်။ ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်း တစ်ပြိုင်တည်း ဝင်မယ်။ အသင့်အနေအထား။

ဂါဇာစီးတီးကို စွန့်ခွါလာတဲ့ လူတန်းရှည်ကြီးဟာ အပြစ်မဲ့ ပြည်သူတွေပါ။ အထုပ်အပိုးကိုယ်စီနဲ့ မြို့ကို စွန့်ခါကြ။ ဘေးလွတ်ရာကို ထွက်ခွါကြ။ စစ်ဟာ မကြာခင် လာတော့မယ်။ စားစရာမရှိ။ အိပ်စရာမရှိ။ နေစရာမရှိ။ မြောက်ပိုင်းက လူပေါင်း တစ်သန်းဟာ တောင်ပိုင်းကို ရွှေ့နေကြပြီ။

စစ်ပွဲမှာ ပထမဆုံး ကျဆုံးရသူဟာ “ အမှန်တရား” ။

ဒီဖြစ်ရပ်မှာ ဟားမတ်စ်တွေဟာ တရားခံ။ ဟားမတ်စ်ကို ရှင်းပစ်ရမယ်။ သတင်းတွေမှာ ဟားမတ်စ်တွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုနဲ့ သေဆုံးရတဲ့ အစ္စရေးတွေရဲ့ အနိဋ္ဌာရုံက ကြီးမားပြီး အစ္စရေးဗုံးဒဏ်နဲ့ ပြိုကျပျက်စီးသွားတဲ့ ဂါဇာစီးတီးက အဆောက်အဦးတွေ၊ သေဆုံးသွားတဲ့ ပါလက်စတိုင်းတွေရဲ့ ပုံရိပ်က သေးငယ်နေတယ်။

ဘယ်ဟာ အမှန်တရားလဲ။ လုံခြုံရေးကောင်စီမှာ ဂါဇာအရေး အဆိုတင်တော့ မအောင်မြင်ခဲ့ဘူး။ ရုရှားတွေရဲ့ အဆိုမှာ ဟားမတ်စ်တွေရဲ့ ကျူးလွန်မှု မပါတဲ့အတွက် ထောက်ခံမှု မရဘူး။ ဒါဟာ ကုလလုံခြုံရေးကောင်စီရဲ့ အစဉ်အလာ။ ကောင်စီမှာ အဆိုတွေ တင်တဲ့ခါ ဒီဘက်ကတင် ဟိုဘက်က ဗီတိုနဲ့ပယ်။ ဟိုဘက်ကတင် ဒီဘက်က မထောက်ခံ။

အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်ဟာ အရှေ့အလယ်ပိုင်းကို သံတမန်ရေး လူးလာခေါက်တုန့်ဖြစ်နေပါပြီ။ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြီးတော့ သမ္မတ ဘိုင်ဒင် ကိုယ်တိုင်သွားဦးမယ်။ ဘိုင်ဒင်က အခြေအနေကို ရိပ်စားမိတယ်။ ဂါဇာကိုသာ အစ္စရေးက သိမ်းပိုက်လိုက်ရင် စစ်ကြီးက ပိုပြီးကြီးသွားနိုင်တယ်။

ဂါဇာဟာ စစ်ကြောင့် ကြေမွသွားခဲ့ပြီ။ ဂါဇာရဲ့ အနိဋ္ဌာရုံတွေကို ရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုလို ကမ္ဘာကြီးက စောင့်ကြည့်လို့ပေါ့။

CWM

Ref : Reuters / AFP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013