DVB Logo
Home
မြန်မာသတင်း
TNLA နှင့် နေ့စဉ်တိုက်ပွဲဖြစ်၊ မြောင်တွင် စစ်သင်္ဘောများက ပစ်ခတ်
DVB
·
October 15, 2023
TNLA နှင့် နေ့စဉ်တိုက်ပွဲဖြစ်၊ မြောင်တွင် စစ်သင်္ဘောများက ပစ်ခတ်
Donate to DVB

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ နေ့စဉ်ဆက်တိုက် တိုက်ပွဲတွေဖြစ်နေပြီး စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာတော့ ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောတွေပေါ်ကနေ လက်နက်တွေနဲ့ ပစ်ခတ်နေပါတယ်။

တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသဖြစ်တဲ့ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းနဲ့ ဖြူရောင်ကျေးရွာကြားမှာ စစ်ကောင်စီတပ် ခလရ-၄၄၊ ၈၈၊ ၁၀၂၊ ၁၀၄ တပ်တွေက အင်အား ၁၅၀ ကျော်နဲ့  ၂ ကြိမ် လာရောက် ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့တာလို့ TNLA က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ အောက်တိုဘာလတလအတွင်း တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇူလိုင်လကနေ အောက်တိုဘာလအထိ တိုက်ပွဲပေါင်း ၇၈ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်ကထုတ်ပြန်ပါတယ်။

အဲဒီအပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကြီး အခြေစိုက်စခန်းဖြစ်တဲ့ လွယ်ကျယ်လောက်၊ ၁၀၅ မိုင်၊ သိန္နီတပ်စခန်း၊  နမ့်ဖက်ကာ ၁၂၃ တပ်စခန်းနဲ့ မိုးကုတ်တပ်စခန်းတို့ကနေ TNLA တပ်ဖွဲ့တွေရှိတဲ့ နေရာတွေကို  လက်နက်ကြီး အကြိမ်ရေ ၄၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လိုဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မရိုးကုန်းကျေးရွာအနီးဆိပ်ကမ်းဘက်ကို အောက်တိုဘာ ၁၄ ရက်နေ့မှာ မန္တလေးကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၂ စင်းကနေ လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဧရာဝတီမြစ်အတွင်းကနေ အခုလိုကြီး အသားကုန် ပစ်တာတော့ တခါမှ မကြုံဘူးသေးဘူး။ သူတို့ အဲလိုပစ်လို့ ဧရာဝတီမြစ်အတွင်းမှာပေါ်နေတဲ့ ငနန်းကျွန်းပေါ်က အစာစားနေတဲ့ နွား ၄ ကောင် ကျည်ထိမှန်သေဆုံးပြီး နောက်ထပ် နွား ၁၀ ကောင် ကျော်ကတော့ ကျည်ထိမှန်တာတွေ ရှိခဲ့တယ်။ နွားကျောင်းသားတွေ ကတော့ ကျွန်းပေါ်က ဘုရားအုတ်တံတိုင်းဘေးမှာ ကပ်ပုန်းနေလို့ ထိခိုက်တာ‌တော့ မရှိခဲ့ဘူးဗျ။ စစ်ကောင်စီက အခု ဘာလို့ပစ်ခတ်တာလဲဆိုတော့ ကျနော်တို့ နွားကျောင်းတဲ့ နေရာမှာလည်း တိုက်ပွဲမဖြစ်ဘဲနဲ့ကို အကြောင်းမဲ့ ပစ်ခတ်သွားတာပါဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလိုမျိုး ဧရာဝတီမြစ်အတွင်းကနေ မြောင်မြို့နယ်က ပြည်သူကာကွယ်ရေးအဖွဲ့တွေဘဘက်ကို စစ်သင်္ဘောတွေနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ပစ်ခတ်တိုက်ခိုက်တိုင်း မြစ်ကမ်းဘေးက ကျေးရွာ‌တွေပေါ် ကျရောက်ပေါက်ကွဲတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013