စစ်အာဏာသိမ်းပြီးနောက်မှာ ချင်းပြည်နယ်၊ မြို့နယ်အသီးသီးနဲ့ ပြည်နယ်ပြင်ပက ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့ လူနေအိမ်ခြေပေါင်း ၂,၁၀၀ ကျော်မီးရှို့ခံခဲ့ရပြီး၊ ဘာသာရေး အဆောက်အအုံ ၁၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်(ICA) ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်မှာ ၇၈၄ အိမ်ကျော်၊ ၂၀၂၂ ခုနှစ်မှာ ၉၅၂ အိမ်ကျော်နဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ၃၀၁ အိမ်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ချင်းလူမျိုး ၈,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
စစ်ကောင်စီဟာ ချင်းအမျိုးသားတွေရဲ့ အဓိက ကိုးကွယ်ယုံကြည်မှုဖြစ်တဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အဦတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာနဲ့ တပ်စြွပြီး ဘာသာရေးဆိုင်ရာ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြောင့် စုစုပေါင်း ၁၀၁ ကျောင်းထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ICA က ထုတ်ပြန်ထားတာကတော့ ကန်ပက်လက်မြို့နယ်ထဲမှာ ၉ ကျောင်း၊ မတူပီမြို့နယ်မှာ ၇ ကျောင်း၊ မင်းတပ်မြို့နယ်မှာ ၇ ကျောင်း၊ ဟားခါးမြို့နယ်မှာ ၁၆ ကျောင်း၊ ထန်တလန်မြို့နယ်မှာ ၃၅ ကျောင်း၊ ဖလမ်းမြို့နယ်မှာ ၁၃ ကျောင်း၊ တီးတိန်မြို့နယ်မှာ ၆ ကျောင်း၊ တွန်းဇံမြို့နယ်မှာ ၂ ကျောင်းနဲ့ ကလေးခရိုင်ထဲမှာ ၆ ကျောင်းတို့ဖြစ်ပါတယ်။
ICA ရဲ့အတွင်းရေးမှူး ဆလိုင်းဗန်ဆွီးဆန်က “၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီက ဘာသာရေးကို ပစ်မှတ်ထားလာတာတွေ့ရတယ်။ ခရစ်ယာန်ဘုရားကျောင်းမှ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းတွေကိုလည်း ဖျက်ဆီးတယ်။ ဘုရားကျောင်းထဲမှာရှိတဲ့ ဘာသာရေးဆိုင်ရာ ပစ္စည်းတွေလည်း ဖျက်စီးခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က သတ်ဖြတ်လို့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဓမ္မအမှုတော်ဆောင် ဆရာတော် ၅ ပါးနဲ့ သင်းထောက်လူကြီး ၃ ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီထဲက မင်းတပ်မြို့က ဒေသခံအသင်းတော်လူကြီး ၃ ယောက်နဲ့ ဓမ္မအမှုတော်ဆောင် ဆရာတော် ၁ ပါးကိုတော့ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ပြီး အလောင်းပါ ဖျောက်ထားတယ်လို့ ဆိုပါတယ်။