DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးကောင်စီအစည်းအဝေး ဆွေးနွေးချက်များကို စစ်ကောင်စီ စိတ်ပျက်ပယ်ချ
DVB
·
October 15, 2023
လူ့အခွင့်အရေးကောင်စီအစည်းအဝေး ဆွေးနွေးချက်များကို စစ်ကောင်စီ စိတ်ပျက်ပယ်ချ
Donate to DVB

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေကို  စိတ်ပျက်ပြီး ပယ်ချတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ရဲ့ အစီရင်ခံစာနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ အစီရင်ခံစာ အပေါ် အပြန်အလှန်ဆွေးနွေးတာတွေကို ဝေဖန်ကန့်ကွက်ထားတာပါ။

အစည်းအဝေးကို ဂျီနီဗာမြို့မှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနဲ့ပတ်သက်လို့ စက်တင်ဘာ ၁၁ ရက်နဲ့ ၂၆ ရက်တို့မှာ ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံရဲ့မျက်ကွယ်မှာ ကျင်းပခဲ့တာကြောင့် ပိုပြီး တဖက်စောင်းနင်းဖြစ်ပြီး IIMM ရဲ့ လုပ်ပိုင်ခွင့်ကို မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်ပြု လက်ခံတာမရှိဘူးလို့ ဆိုပါတယ်။

ပြီးတော့ IIMM က စုဆောင်းခဲ့တယ်လို့ဆိုတဲ့ သတင်းအချက်အလက်အပိုင်းအစ ၂၃ သန်းနဲ့ ပတ်သက်ပြီး ဘယ်လိုစိစစ်တယ်ဆိုတာကို မဖော်ပြထားလို့ မှန်၊ မမှန်ကိုလည်း အတည်ပြုလို့မရဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဟာလည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာကို အပြန်အလှန်ဆွေးနွေးတာ မပြုလုပ်ခင် အချိန် အနည်းငယ်အလိုမှ ထုတ်ပြန်ခဲ့ပြီး တုံ့ပြန်ဖို့ လုံလောက်တဲ့အချိန် မပေးခဲ့သလို အစီရင်ခံစာမှာ စွပ်စွဲထားတဲ့ဖြစ်ရပ်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အရင်းအမြစ်တွေကို ကိုးကားထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာ သူတို့စစ်ကောင်စီက ပံ့ပိုးထားတဲ့ စိစစ်အတည်ပြုထားတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားပြီး စိစစ်မထားတဲ့ စွပ်စွဲချက်တွေ ပေါင်းထည့်ထားတာကို စိတ်ပျက်ဖွယ်တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တုန့်ပြန်တဲ့စာထဲမှာ NUG နဲ့ PDF တွေက ပြည်သူတွေကို သတ်ခဲ့တယ်ဆိုတာတွေ၊ အလင်းဝင်လာတယ်ဆိုတဲ့အကြောင်းနဲ့ သူတို့ မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတဲ့အကြောင်းတွေ ဖော်ပြထားပါတယ်။

ဒါ့အပြင် မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ မြန်မာကိစ္စကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ဆီကို လွှဲပို့ရေးနဲ့ နိုင်ငံတချို့ရဲ့ ရည်ညွှန်ပြောဆိုချက်တွေကိုလည်း ခြွင်းချက်မရှိပယ်ချတယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲတွေမှာ မြန်မာစစ်ကောင်စီကို နားလည်ပေးပြီး အပြုသဘော ရပ်တည်ပေးခဲ့တဲ့ နိုင်ငံတွေနဲ့ စစ်ကောင်စီရဲ့ မိတ်ဆွေနိုင်ငံတွေကို ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013