DVB Logo
Home
နိုင်ငံတကာ
ဂျာမနီ၌ လူမှောင်ခိုကား တိမ်းမှောက်ပြီး ၇ ဦး သေဆုံး
DVB
·
October 14, 2023
ဂျာမနီ၌ လူမှောင်ခိုကား တိမ်းမှောက်ပြီး ၇ ဦး သေဆုံး
Donate to DVB

ဂျာမနီနိုင်ငံတောင်ပိုင်း မြူးနစ်မြို့မှာ  လူမှောင်ခိုကူးသူလို့ သံသယရှိသူဟာ ရွှေ့ပြောင်း နေထိုင်သူ တွေကို တင်ဆောင်လာတဲ့ ဗင်ကားတစီးကို မထိန်းချုပ်နိုင်တော့ဘဲ တိမ်းမှောက်သွားလို့ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး တခြားသူ ၁၆ ယောက် ထိခိုက်ဒဏ်ရာရှိသွားတယ် လို့ ဂျာမန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဒီမနက် အစောပိုင်း ၃ နာရီ ၁၅ မိနစ်လောက်မှာ ကားလမ်း ရဲကင်းလှည့် ကားတစီးဟာ သြစတြီးယား မှတ်ပုံတင်ထားတဲ့ မာစီဒီးစ် ဗီတို မီနီဗန်ကို သတိပြုမိပြီး ယာဉ်ပေါ်မှာလည်း လူအများအပြား လိုက်ပါလာတာကြောင့် လူမှောင်ခိုလုပ်ငန်းကို သံသယရှိပြီး တာဝန်ရှိသူတွေက ယာဉ်ကို စစ်ဆေးဖို့ လုပ်ခဲ့တယ်လို့ ဘာဗာရီယာအထက်ပိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ၊ မက်ဇင်မီလျန် မေယာက ပြောပါတယ်။ 

မာစီဒီးစ် ဗီတို ရဲ့ ယာဉ်မောင်းက စစ်ဆေးမှုကို ရှောင်ရှားဖို့ ကြိုးစားခဲ့ပြီး ရဲတွေလိုက်နေတဲ့ကြားကပဲ အရှိန်မြှင့် မောင်းနှင်ခဲ့ပြီးနောက်မှာ မြူးနစ်မြို့အရှေ့ဘက်က A94 ကားလမ်းပေါ်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။ 

အဲဒီဗင်ကားဟာ ယာဉ်မောင်းအပြင် ကလေးတွေအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၂ ဦးကို တင်ဆောင်ခဲ့တာပါ။ 

ဗင်ကားဟာ အပတ်ပေါင်းများစွာ လည်ပြီးတော့ တိမ်းမှောက်သွားခဲ့ပြီးနောက် လူ ၇ ဦး သေဆုံးခဲ့ ကြောင်းနဲ့ ဒဏ်ရာအနည်းငယ်ကနေ ဒဏ်ရာပြင်းထန်တဲ့ ကျန်ခရီးသည်တွေကို အနီးနားရှိ ဆေးရုံတွေဆီ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဗန်ကားထဲမှာ ပါသူတိုင်းကိုလည်း စုံစမ်းစစ်ဆေးပြီး ဘယ်နိုင်ငံသားတွေဆိုတာ ဖော်ထုတ်နေတယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လက ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတို့နဲ့အတူ ဂျာမန်အာဏာပိုင်တွေဟာ နယ်နိမိတ် ထိန်းချုပ်မှု အသစ်တွေ ချမှတ်ခဲ့တာပါ။ 

ဂျာမနီမှာ သူ့ရဲ့ပထမဆုံးအကြိမ် ခိုလှုံခွင့်တောင်းခံမှုဟာ ၂၀၂၃ ခုနှစ် ပထမ ၇ လတာအတွင်း ၇၈ ရာခိုင်နှုန်း တိုးမြင့်လာတာကို တွေ့ခဲ့ရကြောင်း တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

 ဩဂုတ်လမှာ ဂျာမနီနိုင်ငံကို တရားဝင်မှတ်ပုံတင်ထားတဲ့ နယ်စပ်ဖြတ်ကျော်မှု ၁၄,၇၀၁ ခု ရှိပြီး မနှစ်က အလားတူ လကထက် ၆၆ ရာခိုင်နှုန်း တက်လာတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013