DVB Logo
Home
မြန်မာသတင်း
PDF များ လိုက်နာရမည့် ပြည်သူလူထုလုံခြုံရေးဆိုင်ရာ သင်တန်းပို့ချ
DVB
·
October 14, 2023
PDF များ လိုက်နာရမည့် ပြည်သူလူထုလုံခြုံရေးဆိုင်ရာ သင်တန်းပို့ချ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ကယားစစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ လိုက်နာကျင့်သုံးရမယ့် ပြည်သူလူထု လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို သင်တန်းပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စက်တင်ဘာ စတုတ္ထပတ်မှာ ကယားစစ်ဒေသခွဲက ပြည်သူလူထု လုံခြုံရေးဌာန တာဝန်ရှိသူနဲ့ တပ်ရင်း ‘လုံ’အရာရှိတွေက ရှေ့တန်းစစ်မြေပြင်တနေရာမှာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights)၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law)၊ စစ်သည်တော်ကျင့်ဝတ် စည်းကမ်း (Code of Conduct) တွေကို သင်ကြားပို့ချခဲ့တာပါ။

NUGဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ကျနော်တို့က PDF ကို စတင်တည်ထောင်ကတည်းက People Defense Force ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖြစ်တယ်ပေါ့နော်။ ပြည်သူလူထုကို ကာကွယ်နိုင်တဲ့ တပ်မတော် ဖြစ်ရမယ်။ ပြည်သူလူထုကို အနိုင်ကျင့် နှိပ်စက်တဲ့ တပ်မတော် မဖြစ်ရဘူးပေါ့ဗျာ။ အခု မင်းအောင်လှိုင်စစ်တပ်လိုမျိုး မဖြစ်စေဖို့က စစ်ပညာတခုတည်း တတ်ရုံနဲ့ မရဘူးဗျ။ သေနတ်ပဲပစ်တတ်ပြီး အသိပညာ အားနည်းနေရင် အခု မင်းအောင်လှိုင်တို့ စစ်တပ်လိုပဲ ဖြစ်သွားမှာပဲလေ။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ၊ စစ်သည်တွေ မဖြစ်မနေ လိုက်နာရမယ့် ကျင့်ဝတ်တွေ ပါရှိတယ်။ ဒါတွေကိုပါ တပ်ဆင်ပေးတဲ့သဘော ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သင်တန်းကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များကို ရှင်းလင်းမျှဝေခဲ့ကြတယ်လို့ ဆိုပါတယ်။

 ဦးနေဘုန်းလတ်က “စစ်သားဆိုတဲ့ သဘောတရားကလည်း လက်နက်ပဲ တပ်ဆင်ပြီးတော့ အသိပါ မတပ်ဆင်ပေးရင် တိုင်းပြည်အတွက် တော်တော်လေး အန္တရာယ်များတယ်ဆိုတာကို လက်ရှိ မင်းအောင်လှိုင်စစ်တပ်က သက်သေပြနေပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး စဖြစ်လာတော့ တခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေမှာတော့ လက်နက်အင်အားက ရှိတယ်၊ PDF ဆိုတာကျတော့ တော်လှန်ရေးစပြီး မကြာခင်မှ စတင်ရတာဆိုတော့၊ စတင်လေ့ကျင့်ရတယ်၊ ပြင်ဆင်ရတယ်၊ စုဖွဲ့ရတယ်ပေါ့နော်။ တော်လှန်ရေးကာလ နှစ်နှစ်ကျော်မှာ PDF တွေအနေနဲ့ စစ်ကောင်စီနဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲနေနိုင်ပြီး လေ့ကျင့်မှုပြည့်ဝနေတဲ့ အခြေအနေကောင်းတခုကို ရောက်နေပြီပဲ ဖြစ်ပါတယ်” လို့ပြောပါတယ်။

စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ချက်များကို ရှင်းလင်းမြင်သာစေရန် သင်တန်းကာလထဲမှာ လက်တွေ့အစီအစဉ်တွေကို လေ့ကျင့်လုပ်ဆောင်ခဲ့ပြီး လေ့ကျင့်မှုအနေအထား၊ ပြင်ဆင်မှုအနေအထား ပြည့်စုံလုံလောက်နေတယ် ဆိုပေမဲ့ လက်နက်ကိုယ်စီ တပ်ဆင်ပေးနိုင်မှုတော့ မရှိသေးဘဲ အဲ့အတွက်လည်း ကြိုးစားနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဓာတ်ပုံ-NUG,MOD Facebook Page

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013