DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနှင့် တနင်္သာရီ၌ စက်တင်ဘာလအတွင်း တိုက်ပွဲအကြိမ် ၇၀ နီးပါးဖြစ်ပွား
DVB
·
October 13, 2023
ဂန့်ဂေါနှင့် တနင်္သာရီ၌ စက်တင်ဘာလအတွင်း တိုက်ပွဲအကြိမ် ၇၀ နီးပါးဖြစ်ပွား
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာလ တလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပေါင်း ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

အဆိုပါတိုက်ပွဲ‌တွေအတွင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ အသုံးပြုခဲ့ပြီး အရပ်သားနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ တလအတွင်း တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က ၂၃ ဦးဝန်းကျင် သေဆုံးပြီး မိမိတို့ PDF ဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဂန့်ဂေါနယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး နေအိမ် ၄ လုံးလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအခြေအနေတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးမှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

လက်ရှိ ဂန့်ဂေါနယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီနဲ့ဝေးရာမှာ နေထိုင်ပေးကြဖို့ ဂန့်ဂေါ PDF က မေတ္တာရပ်ခံထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းတွင်းမှာ ၂၀၂၃ ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ကောင်စီက နေအိမ်ပေါင်း ၁၁,၀၂၆ လုံး မီးရှို့ဖျက်ဆီးထားတယ်လို့ Data for Myanmar ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။ 

တနင်္သာရီတိုင်းမှာလည်း စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၅၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေထဲမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်က မိုင်းဆွဲတိုက်ခိုက်မှု ၉ ကြိမ်နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄၅ ကြိမ် ပါဝင်ပါတယ်။

FE5 Tanintharyi ရဲ့ အယ်ဒီတာက “စက်တင်ဘာလ တတိယအပတ်မှစကာ ထားဝယ်ခရိုင်ရှိ တော်လှန်ရေးအဖွဲ့များရဲ့ စခန်း ၅ ခု သိမ်းခံရတယ်။ တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှု ၂ ကြိမ်ဖြစ်တယ်။ ဒီပစ်ခတ်မှု ၂ ကြိမ်ပါ ပေါင်းရင် တနင်္သာရီတိုင်းမှာ တိုက်ပွဲပေါင်း ၅၆ ကြိမ် ဖြစ်ပွားခဲ့တယ်။ ဒီဟာတွေက ဒီလအတွင်း ထူးခြားဖြစ်စဉ်တွေပါ” လို့ ပြောပါတယ်။

စက်တင်ဘာလအတွင်း တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးဘက်က ၁၅ ဦး ကျဆုံးပြီး စစ်ကောင်စီရဲ့ ကျဆုံးမှု အတိအကျကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားပါဘူး။

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ပြည်သူ့ကာကွယ်ရေးဘက် ကျဆုံးမှု အရေအတွက်က ဒီနှစ် စက်တင်ဘာလမှာ အများဆုံးဖြစ်တယ်။ စစ်ကောင်စီရဲ့ ကျဆုံးမှုနဲ့ပတ်သက်ပြီး အတည်ပြုဖို့ တော်တော်ခက်တယ်။ PDF တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်သလောက်ပဲ သိရတယ်။ ကိုယ့်ဘက်က အတည်ပြုဖို့ ခက်ခဲတော့ စစ်ကောင်စီရဲ့ ကျဆုံးမှုနဲ့ ပတ်သက်ပြီး ထည့်မရေးတော့တာပါ” လို့ သူက ဆက်ပြောပါတယ်။

အဆိုပါလမှာ ပုလောပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပထဆုံးအကြိမ် ရေကြောင်းတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ရေကြောင်းတိုက်ပွဲအပြီးမှာ စစ်သင်္ဘောနှစ်စီး ထပ်တိုးလာတဲ့အတွက် ပုလောပင်လယ်ပြင်မှာ စစ်သင်္ဘောသုံးစီးအထိ ဖြစ်လာခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်လာလအထိ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၃၂၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013