DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့နယ်၌  ရေကြီးနစ်မြုပ်မှုကြောင့် လယ်ဧက ၅၀,၀၀၀ ထက်မနည်းပျက်စီး
DVB
·
October 13, 2023
ပဲခူးမြို့နယ်၌  ရေကြီးနစ်မြုပ်မှုကြောင့် လယ်ဧက ၅၀,၀၀၀ ထက်မနည်းပျက်စီး
Donate to DVB

ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက်က စတင်ကာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် သုံးရက်ကြာ ရေကြီးရေလျှံမှုခဲ့ပြီး လယ်ဧက ၅၀,၀၀၀ ထက်မနည်းပျက်စီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ဆန်စပါးအသင်းက သိရပါတယ်။

ပဲခူးဆန်စပါးအသင်းတာဝန်ရှိသူ တဦးက" ဘယ်မြို့နယ် ဘယ်လောက်ပျက်လဲဆိုတဲ့ ဒေတာ အချက်အလက်က တိတိကျကျမသိရသေးဘူး။ ခန့်မှန်းခြေ ဧက လေး၊ ငါးသောင်းဝန်းကျင်ရှိမယ်ထင်တယ်။ တချို့တွေကလည်း သိန်းချီတယ်လို့ပြောတယ်။ အခုဟာက နှစ်ပေါင်း၅၀လောက်အတွင်းမှာ စံချိန်တင်ရေကြီးမှုပဲ " လို့ ပြောပါတယ်။

အောက်တိုဘာ ၈ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့တာဖြစ်ပြီး ပဲခူးတိုင်းနေရာ တော်တော်များများမှာပါ ရေလွှမ်းမိုးခဲ့တာဖြစ်ပါတယ်။

ဒီအချိန်ဟာ မိုးစပါးရိတ်မယ့်အချိန်ဖြစ်ပြီး မိုးကြီးရေလျှံခဲ့တာကြောင့် မရိတ်သိမ်းနိုင်ဘဲ ပဲခူးက တောင်သူတွေအတွက် ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။

"စပါးပင်တွေက အကုန်လုံးနီးပါး ပျက်စီးကုန်တာ။ နောက်တပတ်လောက်နေမှ သက်တမ်းစေ့ မယ့်စပါးတွေလည်း အကုန်ကုန်တာပဲ။ အခုထိရေမကျသေးဘူး။ ရေမနစ်တဲ့ဟာကလည်း ရိတ်ခါနီးမှာ မိုးက ရက်ရှည်ရွာတော့ အနှံတွေက လေးလာပြီး အပင်တွေလဲပြီး ရေနစ်ကုန်တာ။ အများကြီးဆုံးရှုံးတာပေါ့ " လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က "အခုရေကြီးမှုကြောင့် စပါးစိုက်ခင်းတွေ နစ်မြုပ်မှုရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် အာဏာပိုင်တွေထံမှာ အကူအညီ တောင်းခံနိုင်တယ်။ အကုန်လုံးကိုတော့ ပေးနိုင်ချင်မှပေးနိုင်မယ်။ တရက်နှစ်ရက်အတွင်း အဲဒီကို သွားဖို့ရှိပါတယ်" လို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ပဲခူးတိုင်းကြီးမှာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးလျာထား စိုက်ဧက ၂ သန်း ၆ သိန်းကျော် ရှိခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနစာရင်းတွေက ဖော်ပြထားပါတယ်။

လက်ရှိ ရေဘေးသင့်တဲ့ နေရာအများစုဖြစ်တဲ့ ပဲခူးဘက်မှာ စိုက်ဧက ၄၆၀၀၀ ကျော်၊ ဒိုက်ဦးမှာ စိုက်ဧက ၂၀၀၀၀ နီးပါး၊ သနပ်ပင်မှာတော့ စိုက်ဧက ၂၂၀၀၀ ကျော်၊ ကဝ ဘက်မှာ စိုက်ဧက ၁၂၀၀၀ ကျော်၊ လှည်းကူးဘက်မှာတော့ စိုက်ဧက ၁၅၀၀၀ ကျော် ပျက်စီးနိုင်ဖွယ်ရှိကြောင်း UNDP ဘက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013