DVB Logo
Home
မြန်မာသတင်း
စစ်တပ်က မြောင်မြို့နယ်ရှိ နေအိမ် ၁၈ လုံးကို မီးရှို့၊ မြိုင်မြို့နယ်တွင် ကျဆုံး PDF ရဲဘော် ၄ ဦး စျာပနပြုလုပ်
DVB
·
October 13, 2023
စစ်တပ်က မြောင်မြို့နယ်ရှိ နေအိမ် ၁၈ လုံးကို မီးရှို့၊ မြိုင်မြို့နယ်တွင် ကျဆုံး PDF ရဲဘော် ၄ ဦး စျာပနပြုလုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း အောက်တိုဘာ ၁၁ ရက် မနက်ကစတင်ကာ စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူသောင်းနဲ့ချီ ထွက်ပြေး‌နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ရစ်ရဲစခန်းနဲ့ ရေစကြိုဘက်ကထွက်လာတဲ့ စစ်ကြောင်း ၂ ကြောင်းက မြောင်မြို့နယ် နနွင်းကိုင်းရွာမှာ ဝင်ရောက်နေသလို ရေလယ်ကျွန်းရွာမှာလည်း စစ်ကြောင်း ၁ ကြောင်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ခေါင်းခွဲရွာကတော့ မနေ့က အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီလောက်ကစပြီး ကျောက်ရစ်စခန်းကနေ ထွက်လာတဲ့ (-) တွေက ရွာကို မီးရှို့သွားတယ်ဗျ။ အိမ်ကြီးတွေ အလုံး ၁၈ လုံး‌ မီးလောင်ခဲ့တယ်။ နောက်ပြီး နွား ၅ ကောင်လည်း သတ်ထားခဲ့ကြတယ်ဗျ။ ဘာလို့ အဲလိုမီးရှို့ကြတာလဲ ဆိုတော့ဗျာ သူတို့စစ်ရှုံးရင် အဲလိုလုပ်တာပဲ။ သူတို့မထင်ရင် မထင်သလို လုပ်နေတာပဲ။ ဘာအကြောင်းပြချက်လို့ ပြောစရာကို မရှိတော့ပါဘူးဗျာ။ ကျနော်တို့ ဆန္ဒအရကတော့ဗျာ သူတို့ နှစ်ဖက်တိုက်ပွဲဖြစ်တာဖြစ်ပါ။ မဆိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကိုတော့ မီးမရှို့သင့်ဘူး။ နောက်ပြီး ကျနော်တို့ရွာသား ၅ ဦးကိုလည်း ဖမ်းခေါ်သွားတယ်” လို့ ခေါင်းခွဲရွာသားတဦးက ပြောပါတယ်။

ခေါင်းခွဲရွာကို မီးရှို့တဲ့ စစ်ကြောင်းဟာ ရွာရဲ့ အနောက်ဘက် လေးကျွန်းရွာမှာ တပ်စွဲနေသလို ကျန်စစ်ကြောင်း ၂ ကြောင်းကတော့ နနွင်းကိုင်းနဲ့ ရေလယ်ကျွန်းရွာမှာရှိနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ မြောင် CDSOM အဖွဲ့ တာဝန်ရှိသူ ကိုနွေဦးက ပြောပါတယ်။

“စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းနဲ့ ကျနော်တို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲက ဖြစ်နေတာ ဟုတ်ပါတယ်။ ကျောက်ရစ်ကထွက်လာတဲ့ စစ်ကြောင်းကတော့ ကျနော်တို့ ခေါင်းခွဲရွာမဝင်ခင် တိုက်ပွဲဖြစ်သေးတယ်ဗျ။ အဲတိုက်ပွဲမှာ စခဘက်က ၂ ကောင်သေပြီး ၃ ကောင် ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့သူတွေ သယ်ဖို့ အရပ်သားတွေကို ဖမ်းသွားတာလည်း ရှိနေတယ်ဗျ။ နောက်ပြီး ရေစကြိုဘက်ကနေ နနွင်းကိုင်းကိုဝင်လာတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့‌ နေရာ ၂ နေရာက‌နေ တိုက်ခိုက်ခဲ့သေးတယ်ဗျ။ အထိအခိုက်ကိုတော့ မသိရသေးပါဘူး။ နောက် ရေလယ်ကျွန်းရွာ စစ်ကြောင်းကတော့ အင်အားများတယ်၊ တိုက်ပွဲတော့ ဖြစ်နေတယ်ပေါ့။ အထိခိုက် အကျဆုံးကလည်း မသိရသေးဘူး။”

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ဘေးရှောင်နေရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအပြင် ဆေးဝါးတွေပါ‌ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာအနီး တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဒေသခံ ကာကွယ်ရေးရဲဘော် ၄ ဦးရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်၊ ကျောက်ဖူးကျေးရွာအနီးမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၅ နာရီခွဲလောက် ကင်းပတ်ထွက်ပြီးအပြန် စစ်ကောင်စီတပ် လှည့်ကင်းနဲ့ ထိတွေ့မှုဖြစ်ပြီး ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထိတွေ့မှုဖြစ်ပွားချိန်မှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ခုခံပစ်ခတ်ခဲ့ပေမဲ့ လက်နက်အင်အား မမျှတာကြောင့် ပခုက္ကူအခြေစိုက် တာတေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၄ ဦး ကျဆုံးခဲ့တယ်လို့ တာတေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

“ထိပ်တိုက်တွေ့တဲ့နေရာနဲ့ စခန်းနဲ့က မီတာ ၄၀၀ လောက်ပဲ ဝေးတယ်။ ကျနော်တို့ ခုခံပေမဲ့ တတောင့်ထိုးနဲ့ဆိုတော့ ဘယ်လိုမှ ပစ်အားမသာဘဲ ရဲဘော်တွေ ဆုံးရှုံးခဲ့ရတာပါ။ မိဘပြည်သူတွေ အနေနဲ့လည်း အညာက တော်လှန်ရေးတပ်ဖွဲ့တွေကို စားစရာနဲ့ ယူနီဖောင်း မပေးရင်နေပါ၊ လက်နက်ခဲယမ်းပေးရင်ပဲ ကျေးဇူတင်ပါပြီ။”

ကျဆုံးသွားတဲ့ ရဲဘော်တွေကတော့ အသက် ၄၈ နှစ်အရွယ် ရဲဘော်ကိုဂျက်၊ အသက် ၂၁ နှစ်အရွယ် ရဲဘော်ဆိုက်ဘာ၊ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဘန်ဘန်နဲ့ ရဲဘော်အဲလဒ်တို့ ဖြစ်ကြပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ တာတေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလနှောင်းပိုင်းက စတင်ကာ မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ သောင်းနဲ့ချီ တိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013