DVB Logo
Home
မြန်မာသတင်း
အေအေ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်ပါက ရခိုင်၌ တိုက်ပွဲများပြန်ဖြစ်နိုင်
DVB
·
October 13, 2023
အေအေ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်ပါက ရခိုင်၌ တိုက်ပွဲများပြန်ဖြစ်နိုင်
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော်(အေအေ) တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာပါက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ကြောင်း အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မြန်မာစစ်တပ်ဘက်က လိုင်ဇာမှာရှိတဲ့ ကျနော်တို့ တပ်စခန်းတွေကို နောက်ထပ် ဦးတည်တိုက်ခိုက်လာခဲ့ရင် ရခိုင်ဒေသမှာ အပစ်ရပ်ထားတာကို ထည့်မစဥ်းစားဘဲ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာ။”

မြန်မာစစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တပ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ဆက်လက် ဖြစ်လာနေပါက ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ကြောင်း အေအေ ပြောခွင့်ရ ခိုင်သုခက ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲခန့်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော် (အေအေ) တပ်စခန်းတခုကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထပ်မံကျရောက်ပေါက်ကွဲတာကြောင့် အေအေတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့အတူ စက်တင်ဘာ ၂၈ ရက်ကလည်း မြန်မာစစ်တပ်ရဲ့ ခါယာတောင်မှ ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ၊ လက်နက်ကြီးကျည် လိုင်ဇာရှိ အေအေ မုန်လိုင်ခက်စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ရက္ခိုင့်တပ်တော်ဘက်က ဗိုလ်ကြီးအဆင့် အရာရှိတဦး ကျဆုံးသွားခဲ့ရပြီး အလတ်စားနဲ့ အပြင်းစား ဒဏ်ရာရရှိသူတချို့ ရှိခဲ့တဲ့လို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ခက်မှာ အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မဟုတ်မမှန် ဝါဒဖြန့်နေတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

“လိုင်ဇာသတင်းနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိတယ်။ ညသန်းခေါင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖြစ်နိုင်မလားဆိုတာ စဥ်းစားစေချင်တယ်။ တပ်မတော်အနေနဲ့ သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်မဆို အချိန်မရွေး ပစ်ခတ်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်။ သို့သော် ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ပါဘူး” လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာအနီး မုန်လိုင်ခက် စစ်ရှောင်စခန်းနားမှာ ပေါက်ကွဲစေတဲ့ စစ်လက်နက်သိုလှောင်တာ မရှိဘူးလို့ KIO ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက တုံ့ပြန်ပါတယ်။

အခုလိုပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြောင့် ဖြစ်ပွားခဲ့တာလို့ KIA က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်က ကနဦး တင်ပြထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းလင်းပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013